Innlegg

Viser innlegg med etiketten ကဗျာ

ဟက်ပီးဝါး

သူရဲကောင်းတွေကလည်း သူရဲကောင်းမဟုတ်တော့ဘူး ဗီလိန်တွေကလည်း ဗီလိန်မဟုတ်တော့ဘူး၊ ဆဲတာက ချစ်လို့ဆိုရင် ကန်တော့တာက ဆဲနည်းတမျိုးလား၊ ဆင်းရဲတယ်သာပြောတာ လူတကာမျက်စောင်းထိုးတာ ခံနေရတဲ့တိုင်းပြည်၊ စစ်ပွဲတွေက စီးပွားဖြစ်တော့ လူ့အသက်တွေက ချက်လက်မှတ်ဖြစ်ရ၊ အဲဒီတကမ္ဘာလုံးကိုတင်ပို့နေတဲ့ မူးယစ်ဆေးဝါးတွေဟာ ကျုပ်တို့သားသမီးတွေရဲ့ အသွေးအသားတွေနဲ့ ချက်လုပ်ထားတာ၊ ကုလသမဂ္ဂဆိုတာကြီးကိုသာ ခုံရုံးတင်လိုက်ကြပါလေ။ နှင်းခါးမိုး

အသဲကွဲနေသူတယောက်အတွက် လိုလိုမယ်မယ်စကားလုံးများ

လူတိုင်းက ကိုယ့်ဒုက္ခကိုမှ ငရဲလို့ ထင်တတ်ကြတယ် ဒါပေမဲ့ အဲဒီငရဲတွေက တခါတလေ နိဗ္ဗာန်ကိုသွားတဲ့ တံခါးပေါက်တွေဖြစ်နေတတ်တယ်။ သူ့ကိုချစ်ရင် သူ့အတွက်ဆပ်နေရတဲ့ ၀ဋ်ကြွေးလေးကိုလည်း ချစ်နေလိုက်ပေါ့။ ဒါ အသဲကွဲတာထက် ထက်မြက်အရွယ်ရောက် ပြီးပြည့်စုံမှုနဲ့ ကိုယ့်ဘ၀ကိုယ်ကျေနပ်ချင်တဲ့ လူသားတဦးရဲ့ ကိုယ်ပိုင်အတ္တကို ထိုးနှက်ခံရခြင်း ဆိုရင် ပိုမှန်မယ်။ နှလုံးသားက ငိုကြွေးနေတာမဟုတ်ဘူး။ အတ္တက သွေးတစက်စက်ကျနေတာ။ တကယ်က သူ့ကို ချစ်တယ်ဆိုတာထက် သူ့အပေါ်ထားတဲ့ ကိုယ့်အချစ်စိတ်ကို ကိုယ်ချစ်ကြတာပဲ။ လူအတ္တရဲ့ ရောင်စုံအရေပြားတွေပါဟာ။ ကိုယ့်ဘ၀ရဲ့အဓိပ္ပါယ်ကို အခြားလူတယောက်အပေါ်မှာ တည်ဆောက်ထားတယ်ဆိုတာ ကိုယ့်တန်ဘိုးကို ထိခိုက်စေတယ် ကိုယ့်ကိုစိတ်ဒုက္ခပေးတဲ့သူဆီက စိတ်ချမ်းသာမှုကို မျှော်လင့်နေတယ်ဆိုတာ အချည်းနှီးပဲ ကိုယ့်တန်ဘိုးကိုမသိတဲ့သူတယောက် ကိုယ့်အနားမှာ မရှိတာ အကောင်းဆုံးပဲ ကိုယ်မစီးချင်တော့လို့ လွှင့်ပစ်လိုက်တဲ့ ဖိနပ်အစုတ်တရံလို သဘောထားလိုက်တော့ ကိုယ့်ဘ၀ကို ဘယ်သူ့ကြောင့်မှ မကျဆုံးစေနဲ့ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ပါ မရှောင်မလွှဲနိုင်တဲ့အခါ ခံနိုင်ရည်ရှိအောင် ကြိုးစားရမှာပဲ။ အမေရိကန်နပမ်းပွဲတွေလိုပဲ ထိုးကြိတ်ထုထောင်...

မြို့ပတ်

မီးရထားဟာ မူးနေတယ် ဘူတာထဲဝင်လာတော့လည်း ဒယီးဒယိုင်နဲ့ ဘူတာထဲကပြန်ထွက်သွားတော့လည်း ဒယီးဒယိုင်နဲ့၊ ဘ၀က ရထားအောက်ထဲပြေးဝင်လိုက်မှ အေးမှာပါ ဘူတာထဲ ရထားဝင်လာကတည်းက ကောင်မလေးက တွေးနေတာ ဘူတာက ရထားထွက်သွားတဲ့အထိ ကောင်မလေးက တွေးနေတုန်း၊ မိုးရွာလည်း ထမင်းနှစ်နပ်ပဲ နေပူလည်း ထမင်းနှစ်နပ်ပဲ ခွက်ထဲကရေသာ မလှုပ်အောင်လုပ်လို့ရချင်ရမယ် ဗိုက်ထဲကအူကတော့ ဘယ်ဘူတာမှမရပ်ဘူး၊ မနေ့က သံလမ်းဘေးကအမှိုက်ပုံဟာ ဒီနေ့မိုးလင်းတော့ ကျုးကျော်ရပ်ကွက်ကလေးဖြစ်နေတယ် ရထားဥသြသံမှာ ဖုန်လုံးကြီးထဲ ဈေးဗန်းကလေးတွေ။ ကင်မရာကြီးလက်ထဲကိုင်ပြီး တပုံမှ မရိုက်ဖြစ်လိုက်ဘူး တဲ့ ဖိနပ်ကြိုးကိုပဲ သဲကြီးမဲကြီး ငုံ့ချည်လို့ သူတို့ပတ်နေတဲ့ကမ္ဘာဟာ ဒီနေရာမှာ တပတ်တိတိပြည့်ခဲ့တယ်။ နှင်းခါးမိုး ၈၊ ဇန်န၀ါရီ၊ ၂၀၁၉

ဒီဇင်ဘာဆင်းဒရုန်း

၀၈း၅၈ ပြောစရာတွေသိပ်များတော့ ဘာမှမပြောဖြစ်တော့ဘူး ဆွံ့အမှုဟာ ဆူပွက်နေပြီ အဆုံးထိဆွဲတင်ခံထားရတဲ့လေးတစင်းရဲ့ညှိ့ချက်ထဲမှာ အဲဒီမြှားဟာ အသက်ကိုတ၀ကြီးရှုသွင်းနေတယ်။ ၁၇း၃၈ ဖြစ်ပြီးမှ မဖြစ်ခဲ့ဘူးလုပ်လို့ရလား ဖြစ်ပြီးမှဖျက်ပစ်ချင် ဖုံးကွယ်ချင် ဘာကြောင့်ညာကြောင့်ခုခံချင် ခေါင်းမာမာနဲ့ငြင်းဆန်ချင် ဖြစ်စဉ်ကိုဖြစ်တာနဲ့ပြောင်းပြန် ကိုယ်ပြောတိုင်းဖြစ်လား ဖြစ်ခဲ့တာတွေနဲ့ဝေးအောင် ထွက်ပြေးတယ် လွတ်မလား ဘယ်သူ့ကြောင့်ဖြစ်ဖြစ် ဖြစ်ခဲ့တယ် တကယ်ဖြစ်ခဲ့တယ် ချက်ချင်းမပျက်ဘူး လွယ်လွယ်မပျက်ဘူး ဒီအတိုင်းပျက်မသွားဘူး၊ ဖြစ်ပြီးပျက်တယ်ဆိုတဲ့ကြားမှာ ကျည်ဆံရထား မီးရထား မြင်းရထား နှင်းဆီတင်ရထား မိစ္ဆာစစ်ရထား ဥသြသံဟာ မြစ်ထဲရေချိုးဆင်းသွား၊ ဖြစ်ပြီးပျက်တယ်ဆိုတဲ့ကြားမှာ ကမ္ဘာစစ်တွေ ပြည်တွင်းစစ်တွေ ကျိုးကျော်စစ်တွေ ခုခံစစ်တွေ တရားသော မတရားသောစစ်တွေ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်တွေ၊ ဂန္ဒ၀င်ဝတ္ထုရှည်တွေ ကမ္ဘာကျော်သီချင်းတွေ နိုဘယ်ဆုရှင်တွေ နိုင်ငံတကာဝရမ်းပြေးတွေ ဖြစ်ပြီးပျက်တယ်ဆိုတဲ့ကြားမှာ ငါပေးနိုင်တာထက် ငါ့ကိုပိုမတောင်းဆိုပါနဲ့တွေ ငါ့ဘ၀ကိုလွှမ်းမိုးဖို့မကြိုးစားပါနဲ့တွေ ငါ့လွတ်လပ်မှုအတွက် ဘာနဲ့မဆိုငါလဲရဲတယ်ဆိုတာတွေ။ ၁၅း၂၈ ဒီဇင်ဘာဆယ်...

နိဗ္ဗာန်ဈေး

သာမညဖလသုတ်ပဲရွတ်ရမလား ကြက်ဆင်သားပဲစားရမလား၊ တပ်မတော်ကြီးပဲထောက်ခံရမလား ဘုရားပဲထီးတင်ရမလား၊ တစ်ယောက်သုံးစောင်ပဲရမယ် နှစ်ခါပြန်စီတဲ့သူတွေ အခုအပြင်ထွက်၊ ဆပ်ပြာမှုန့်တထုပ် ကြက်ဥသုံးလုံး အအေးနဲ့ ကြာဆံကြော်တဘူး လက်မှတ်မရှိလည်း ယူသွားပါအမေရယ် ကလေးတပြုံနဲ့  ကြွပ်ကြွပ်အိတ်အမဲကြီးနဲ့ နောက်တလမ်းဆက်လိုက်ကြအုန်းစို့ဟေ့ တဲ့၊ မီးပုံးပျံကြီးက မှိုင်းဝနေပြီ လူတွေက ကလို့ မ၀သေးဘူး။ နှင်းခါးမိုး 23. November. 2018

တနင်္ဂနွေမှ တနင်္ဂနွေသို့

ဒီနှစ်များအတွင်း လူတွေဟာ ဘယ်လောက် နှလုံးသား ကင်းမဲ့သွားကြသလဲဆိုရင် လမ်းပေါ်ကြွေကျနေတဲ့ ခရေပန်းလေးတွေကိုတောင် ကောက်မဲ့သူ မရှိတော့ဘူး။ လူတကာနင်းခြေခဲ့လို့ ကြေမွနေတဲ့ ပန်းကလေးတွေမှာ သင်းရနံ့ကလေး တွေ ကျန်နေသေးတယ်ဆိုရင်တောင် အဲဒီရနံ့ကြွင်းလေးတွေကို တရှိုက် မက်မက်တိမ်းမူးတတ်တဲ့ စောက်ရူးတွေကတော့ ဒီခေတ်မှာ မကျန်တော့တာ သေချာတယ်။ သူ့ကော်ဖီခွက်ထဲ ယင်ကောင်တကောင်ကျဆုံးသွားပုံဟာ ဒီမနက်ခင်းရဲ့ အဓိကပြကွက်ပေါ့။ ဆောက်လက်စအထပ်မြင့်တိုက်ပေါ်က ဝန်ချီစက်ကြီးဟာ သူ့ကိုယ်သူ လီနင်လိုလို ဗိုလ်ချုပ်အောင်ဆန်းလိုလို နယူးယောက်ပင်လယ်ဝက လစ်ဘာတီဖာသယ်မကြီးလိုလို။ မနေ့က ကြယ်ငါးပွင့်ဟိုတယ်ကြီးပေါ်မှာ ဒီနေ့ နှစ်ရာတန်ဘက်စ်ကားပေါ်မှာ ဘဝကကျောပိုးအိတ်ပဲ လျှောက်နေသမျှ လမ်းကမဆုံးဘူး ရပ်ကွက်လေးထဲ ပြန်ဝင်လာတော့ မိုးကသဲလာတယ် မြောင်းရေထဲမှာလျှောက်ရင်း ပြုံးပစ်လိုက်တယ် သော့က ဘောင်းဘီအိတ်ထဲမှာ။ နှင်းခါးမိုး . 18. November. 2018

လှေကားအောက်ကအခန်းကလေး

စိတ်က ကင်မရာနောက်လိုက်တယ် ကင်မရာက ကြွပ်ကြွပ်အိတ်နောက်လိုက်တယ် ကြွပ်ကြွပ်အိတ်က လေနောက်လိုက်တယ် တယောက်ပင့်သက်က တယောက်အသက်ရှုသံနောက်လိုက်တယ် ရုပ်ရှင်ကဒါပဲ တကားလုံး ကြွပ်ကြွပ်အိတ်ကလေးလွင့်နေတာပဲ။ ဘုံဘိုင်ခေါင်းကရေကျသံတစက်စက်၊ နှင်းခါးမိုး

သဲနာရီ

ဒုက္ခကိုပျားရည်ဆမ်းတာ သစ်သီးကိတ်တလုံးဖြစ်မလာပေမဲ့ ချာလီချက်ပလင်မျက်ရည်ကျတော့ လူတွေကရီကြတယ်။ တကယ်မငတ်ဖူးခင်တုန်းကတော့ ဖိနပ်ကိုစွတ်ပြုတ်လုပ်သောက်တာ ရီစရာပေါ့အချစ်ရယ်၊ မြစ်ဟာ တံတားအောက်မှာ ပြန်ကွေ့ဖို့မလွယ် နာကျင်မှုမှာ ပိတ်ရက်မရှိ ပျော်ရွှင်ဖွယ်ကောင်းသော ဖုန်းမမြည်၊ ဟယ်လင် မင်းပဲမှားသလား၊ ငါပဲမှားသလား စစ်ပွဲကတော့ဖြစ်ခဲ့ပြီ။ နှင်းခါးမိုး 22. July. 2018

နေတတ်ရင် စင်ကာပူ

ကဲ ဘော်ဒါတွေ ကြက်ကိုကြော်တဲ့ကြက်ကြော် လာပြီနော်၊ မီးခိုးနဲ့ညှော်နံ့တင်လှည်းကလေး တိုက်အောက်ရောက်ပြီ။ အမှိုက်ပစ်မယ် အမှိုက် အမှိုက်လှည်းထဲက ကလေးက သူမြင်သမျှကို အမှိုက်ပုံလို့ထင်တယ် မြို့ကြီးလည်းအမှိုက်ပုံ လူတွေလည်းအမှိုက်ပုံ၊ သူတို့သားအမိကိုမြင်ရင် ထိုးထိုးဟောင်တဲ့ခွေးတွေကျတော့ သူ့သူငယ်ချင်းတွေလို့ထင်တယ် ခဲနဲ့ပေါက်လိုက်၊ တုတ်နဲ့ပစ်လိုက်၊ မကုန်သေးတဲ့အားလူးကြော်ထုပ်ကို လုကောက်လိုက်၊ သူမနိုင်တော့ရင် အမေ့ဆီရောက်အောင်ပြေးပြီး အော်ငိုလိုက် အမေက လှည်းထဲထည့်ပြီး လမ်းမတလျောက်တွန်းသွားတဲ့အခါ တဝေါဝေါဖြတ်မောင်းသွားတဲ့မော်တော်ကားတွေကို တယောက်ယောက်ကလှည်းထုတ်လိုက်တဲ့အမှိုက်ခွံကြီးတွေလို တဟေးဟေးနဲ့ အော်ဟစ်ပျော်ရွှင်နေပြန်ရော။ မြို့ထဲကို အုန်းမွှေးလုံးကားကြီးတွေ တန်းစီဝင်လာပါပြီ၊ အဲဒီဆိုက်ကားသမားလေးဟာ စစ်သူကြီးဟန်နီဘောပဲ ဘယ်အရာကမှ သူ့ကို မတားဆီးနိုင်ဘူး တရပ်ကွက်လုံး သူ့ကိုဖုန်းခေါ်ရတယ်၊ အင်္ဂတေလောင်ထားတဲ့ခြေထောက်တွေဟာ ဘီယာဆိုင်ကိုကျော်ပြီး အဖြူပုန်းဆိုင်လေးထဲ ချိုးဝင်သွားကြတယ်၊ မိန်းမ၀၀ကြီးတယောက်ဟာ ဘုရားပန်းတွေပိုက်လို့ ကွမ်းယာဆိုင်ဆိုတာ လိုင်းပေါင်းစုံဖမ်းလို့ရတဲ့ ရေဒီယိုတလုံးပဲ။ ကောင်မလေးက ငှက်ပျော်အူဖတ်ကြိုက်တယ်...

အရင်ဘ၀ကရော်ဘင်ဟု

ပန်းပွင့်တွေကအတုဖြစ်ချင်ဖြစ်မယ် သံဆူးကြိုးကတော့စစ်တယ်၊ အိုးလေးခွက်လေးမှကိုယ့်မှာမရှိရင် မိုးရွာတုန်းဘယ်လိုရေခံမလဲ၊ တည်နေတုန်းမီးပြတ်သွားတော့ ပေါင်းအိုးထဲကဆန်တွေခမျာ ထမင်းဖြစ်ခွင့်မရတော့ဘူး၊ မင်းအပေါ်ဆိုးခဲ့သမျှ ကမ္ဘာကြီးအပေါ်ကောင်းပါမယ်။ နှင်းခါးမိုး ၁၉၊ ဇူလိုင်၊ ၂၀၁၈

တစိမ်းည

မြို့ရဲ့အမှောင်ကို ဥသြသံနဲ့ရိုက်ဖွင့်၊ ခရီးဝေးက ၀င်လာတဲ့ရထား၊ အိပ်မပျော်သူနဲ့ လှေကားထဲကခြေသံတွေ။ ရေချိုးခန်းမီးဟာလင်းနေ၊ တ၀က်ပဲဖတ်ရသေးတဲ့စာအုပ်၊ တံခါးနောက်က အိမ်မြှောင်အမြီးပုတ်သံနဲ့ ကြောင်ခုန်ချတဲ့ခေါင်မိုး။ မသိမှု မရှိမှုထဲ ပွင့်ပွင့်ကြွေကြွေ၊ အဆုံးမရှိလောင်ကျွမ်းခဲ့တဲ့လမ်း၊ မိုးရွာထဲ ထီးကလေးဖွင့် တရွေ့ရွေ့ထွက်ခွာသွားတဲ့အခါ မျက်ရည်ဟာဝတ်စုံအပြည့် ပေးထားတဲ့လိပ်စာအတိုင်း ဖုန်းခေါ်သံတွေ။ တယောက်မကြားချင်တဲ့စကား တယောက်ပြောကြေး။ နှင်းခါးမိုး ၁၂၊ ဇူလိုင်၊ ၂၀၁၈

ဒီနေ့ထိုး မနက်ဖြန်ပေါက်

နေရောင်က လက်သည်းဆိုးဆေးအပြည့်နဲ့ လမ်းထဲကိုဝင်လာတယ်။ ပြတင်းပေါက်ကိုဖွင့်တာနဲ့ အောက်ခံဘောင်းဘီတွေ တန်းတွေ့တာပဲ။ ဈေးဆိုင်ကမိန်းမက ဈေးသွားနေလို့တဲ့။ ရေသန့်လှည်းကို ဆိုက်ကားသမားက ဆဲသွားတယ်။ ဒီအချိန်ဆို မုန့်ဟင်းခါးကကုန်ပြီ။ ညက မြောင်းမြမောင်ချိုလေးလည်း ဘော်တွန်သရီး ထိုင်ရတာပဲ။ ကုလားကားက ကြည့်လို့ကောင်းလား။ အော်ကုန်ပြီ ဖေ့စ်ဘုတ်ကြီးက မတရားဘူးတဲ့။ မနေ့က လမ်းပေါ်ဖုံးနေတဲ့ရေတွေဟာ မနက်ကျတော့ မြောင်းထဲမှာ ခေါင်းမဖော်တော့ဘူး။ ဘိန်းသမားတွေကို ဖမ်းကြဟေ့ဆိုတော့ ဒေါ်လာဈေးက ထောင်တက်လာတယ်။ လေယာဉ်လက်မှတ်မ၀ယ်နိုင်လည်း ငွေငါးရာရှိရင် လေဆိပ်ရောက်တာပဲ။ ၅၁၆ ရက်မြောက်ပါပြီ ဆရာဦးကိုနီ။ လိမ္မာကြစမ်းပါ။ မိုက်တယ်ဆိုတာ မကောင်းဘူး။ မိုက်တယ်မိုက်တယ်နဲ့ ဓါတ်လိုက်နေတဲ့ မြွေရိုး။ ကန်တော့ပါရဲ့။ တခွန်းမှမဆဲရင် ကဗျာမဖြစ်မှာ စိုးလို့ပါ။ နှင်းခါးမိုး

မျက်ရည်နဲ့ ရယ်သံ

အာဏာရှင်တွေရဲ့အပြုံးမှာ လက်ခုပ်သံသိပ်စည်ကားတယ် အားလုံးက ပြဇာတ်တွေချည်း၊ ခင်ဗျားတို့ရဲ့တရားမျှတမှုက ဘယ်သူ့ပိုက်ဆံအိတ်ထဲမှာလဲ ငါတို့ရဲ့နားထင်ဟာ ဘယ်သူ့သေနတ်ပြောင်းဝအောက်မှာလဲ၊ စစ်ဖြစ်လို့ ပျက်သွားတဲ့ကမ္ဘာမှာတောင် လူ့တန်ဘိုးတွေ ရှင်ကျန်ချင်ကျန်ရစ်မယ် ငြိမ်းချမ်းရေးကို ပိုက်ဆံပေးပြီး ညအိပ်လို့ရတဲ့ခေတ်မှာ အမှန်တရားဆိုတာ လူကြိုက်များတဲ့ ကွန်ဒုံးပဲ၊ သတင်းတွေဟာ မုဒိန်းကျင့်ခံထားရတဲ့ ကဗျာပဲ ကဗျာဆရာဟာ မီးလောင်နေတဲ့အမှိုက်ပုံပဲ၊ ဆွေးနွေးပွဲတွေပြီးတဲ့အခါ ဧည့်ခန်းဆောင်ထဲက ပန်းခြင်းတွေကို အုတ်ဂူတွေပေါ်ပို့ပေးလိုက်ကြပါ။ ငါ အသဲမကွဲဘူးထင်လား။ ။ နှင်းခါးမိုး

မိုးရဲ့စတိုင်

မုန်တိုင်းက ၀တ်စုံအပြည့်နဲ့ ညစာစားပွဲထဲ ဝင်လာတဲ့အချိန်မှာ အနောက်တောင်ထောင့်ဝိုင်းမှာ အပျိုမလေးက ပျောက်သွားတဲ့ကြယ်တွေကို ရေတွက်နေရဲ့၊ သစ္စာအဖောက်ခံရတဲ့ကောင်းကင်ကြီးက တိမ်ဆိုးတွေကို သံကြိုးဖြေလွှတ်လိုက်တဲ့အခါ တုန်ယင်နေတဲ့ရပ်ကွက်ကလေးဟာ သူ့ပြတင်းပေါက်တွေကို ကမန်းကတမ်းဝှက်ရှာတယ် လမ်းဘေးရေနှုတ်မြောင်းကလေးတွေကတော့ ရရာလက်နက်စွဲကိုင်ကြရင်း ငါတို့မှာရွေးချယ်စရာမရှိဘူး တဲ့။ ဘက်စကားပေါ်မှာ ကျန်ခဲ့တာလား လက်ဖက်ရည်ဆိုင်မှာ ကျန်ခဲ့တာလား လက်ဆောင်ရထားတဲ့ထီးကလေးပေမယ့် သံယောဇဉ်ကကြီးပါတယ်။ တရံတခါက ၀ရန်တာမှာ ဂမုန်းပင်ကလေး ပြုံးပြုံးရွှင်ရွှင်ရှိပါစေ။ ။ နှင်းခါးမိုး

လမ်းရဲ့စတိုင်

ခြေရာတွေမှာ ဝေဒနာတွေ့တယ် ဝေဒနာတွေမှာ ခြေရာတွေ့တယ် မင်းတို့လိုရာရောက်ပါစေ။ မီးတိုင်လေးအောက်မှာ အိမ်ရောက်အောင်တောင် မစောင့်နိုင်တော့တဲ့ ချာတိတ်ဟာ သနပ်ခါးရနံ့နွေးနွေးနဲ့ စာတစောင်ကို ကတုန်ကယင်ထုတ်ဖတ်နေတယ်။ လျှောက်ခဲ့တာတော့ အဝေးကြီးပဲ ရောက်ခဲ့တာလည်း အများကြီးပဲ လေတွေတိုက်နေတဲ့ လမ်းပေါ်မှာ လွင့်လို့ကောင်းတုန်းလား လေလွင့်သူကြီး။ တောင်တန်းကြီးပေါ် တင်ငြိနေတဲ့အပ်ခြည်ကြိုးလေးတချောင်းကို ငေးကြည့်ရင်း လူ့ဘ၀တွေဟာ တခါတလေ လောင်းကြေးဖြစ်ခဲ့ဘူးတာ သတိရတယ်။ နှင်းခါးမိုး

ရေရဲ့စတိုင်

ရေက ပုလင်းထဲက မထွက်တော့ဘူး ပုလင်းက ပုံးထဲက မထွက်တော့ဘူး ပုံးက အခန်းထဲက မထွက်တော့ဘူး ၀င်လာတဲ့သူရဲ့ရွေးချယ်မှုကို စိတ်အေးလက်အေး ထိုင်စောင့်နေလိုက်တယ်။ ရေရဲ့ရည်ရွယ်ချက်က စီးဆင်းနေဖို့ပဲ။ နှင်းခါးမိုး

တံခါးမှာသော့ကတန်းလန်း

အိမ်ကြိုအိမ်ကြားက လက်ကျန်အမှောင်အစအနတွေကို ငှက်သံတွေကတစီစီထိုးဆိတ်နေတယ် ဆာက်ပြီးစတိုက်နံရံနဲ့ ပြတင်းမှန်တံခါးတွေပေါ်မှာ နေရောင်ကမျက်တောင်ခတ်နေပြီ တညလုံးဟောင်ခဲ့တဲ့ခွေးဟာ လှေကားထိပ်မှာဝင်အိပ်နေလောက်ပြီ၊ အားပြည့်နေတဲ့ဖုန်းကို ပလပ်ကြိုးဖြုတ်လိုက်တယ် ပန်းအိုးထဲကို ရေတပုလင်းလောင်းထည့်လိုက်ပြီး မင်းဒီနေ့ ဘယ်နှစ်ပွင့်ပွင့်မှာလဲလို့ ကျောက်နှင်းဆီပင်လေးကို မေးကြည့်ရအုန်းမယ် ၀ရန်တာမှာ ညကလှမ်းထားတဲ့ဘောင်းဘီဟာ လေထဲမှာ မနက်ခင်းကို အပြေးအလွှားလိုက်နေသလိုလို၊ အခန်းထဲက မသိမ်းရသေးတဲ့အိပ်ယာကို နောက်တခါပြန်ရောက်ရမှာကြောက်တဲ့ အကျဉ်းထောင်ကြီးကိုကြည့်သလို ငါကြည့်နေမိတယ် အပြင်မှာသေပြီးသားလူတွေဟာ ငါ့အိပ်မက်ထဲမှာ ပြုံးလို့ရယ်လို့ စကားတွေပြောလို့ လန့်နိုးလာတဲ့ငါဟာ မျက်လုံးကြီးတွေသေလို့။ နှင်းခါးမိုး ၂၈၊ မတ်၊ ၂၀၁၇

ရပ်ကွက်ထဲကတေဘုမ္မာ

ကန်ဇွန်းရွက်တစည်းသုံးရာဟာလည်း ငါတို့အစာအိမ်ကို အကြမ်းဖက်တိုက်ခိုက်ခံရတာပါပဲ။ ငြိမ်းချမ်းရေးစာချုပ်ကြီးတွေ ကယ်ပါ။ မိုင်းထိမှ၊ ရွာမီးရှို့ခံရမှ ပြည်တွင်းစစ်မဟုတ်ပါဘူး ငါတို့မီးဖိုချောင်တွေ လက်နက်ကြီးနဲ့အပစ်ခံနေရတာလည်း ပြည်တွင်းစစ်ပါပဲ။ ငြိမ်းချမ်းရေးစာချုပ်ကြီးတွေ ကယ်ပါ။ ငြိမ်းချမ်းရေးအတွက် ကိုယ်ဘာပေးနိုင်မလဲ စဉ်းစားလိုက်တော့ ပြတ်နေတဲ့ခြေတွေလက်တွေ ကျောင်းထားမပေးခဲ့ရတဲ့သားသမီးတွေ လုယက်မီးရှို့ခံလိုက်ရတဲ့ ဘ၀ရဲ့အကောင်းဆုံးအချိန်တွေ ကိုယ့်ဖာသာဆုံးဖြတ်ရွေးချယ်ပြီး စွန့်လွှတ်ပေးဆပ်ခဲ့ကြတာတွေကို အကြွေးလိုလာမတောင်းပါနဲ့ဆိုတဲ့ ဆိုဆုံးမခံရမှုတွေ အငြိုးထားငြင်းပယ်ခံနေရတဲ့ ပြည်တော်ပြန်ခွင့်တွေ ပြီးတော့ လယ်မဲ့ယာမဲ့ အလုပ်လက်မဲ့ လက်နက်မဲ့တို့ရဲ့ ရေထဲဗွက်ထဲ အမှိုက်ပုံထဲမြုပ်နေတဲ့ကျုးကျော်ရပ်ကွက်တွေနဲ့ စုတ်ပြတ်သတ်နေတဲ့ဘ၀တွေ အူဟောင်းလောင်းတွေ။ ငြိမ်းချမ်းရေးစာချုပ်ကြီးတွေ ကယ်ပါ။ တိုင်းနိုင်ငံလုံး တိုက်ရိုက်ရှုမော အံ့ဘွယ်ချီးပခမ်းနားလက်ဖျားခါကြကုန် ရွှေညီလာခန်းဆောင်မှာ သဉ္စာညောင်စောင်းပမာ လျောင်းစက်နားတော်မူကြပုံ ပိုးဖဲကတ္တီပါ မီးရောင်ပြိုးပြက် မင်းပေါင်းစုံညစာသဘင်ဝယ် နှစ်ခြောက်ဆယ်ဂန္ဓ၀င်မဟာဂီတ ပြည်တွင်းစစ် အရေးအခင်...

အမှန်တရားက ဖိနပ်မပါဘူး

တုပ်ကွေးကချောင်းနေတယ် နှာခေါင်းစည်းတွေက မြောင်းထဲမှာပိတ်ဆို့နေပြီ ကျွဲအုပ်ကြီးက ခရီးဆက်မပျက်သလို ခြင်္သေ့တွေကလည်း လစ်တဲ့ကောင် ၀င်အဆွဲမပျက်ဘူး၊ အသက်ရှင်နေရတာကိုက အန္တရယ်မကင်းဘူးဆိုတဲ့ဘ၀ကို ငါတို့လက်ခံလိုက်ကြရမှာပဲ ငါတို့က ငါတို့လိုချင်တာကို မျက်ခြေပြတ်ပြတ်သွားပေမယ့် သူတို့ကသူတို့အိပ်မက်ကို စစ်ဖိနပ်လိုစီးထားကြတယ် သဘောင်္မှောက်တော့ လူကိုမကယ်ဘူး ပစ္စည်းကိုလုတယ် မီးလောင်တော့ မီးအရင်မသတ်ဘူး ပိုက်ဆံအရင်တောင်းတယ် အဲလိုလူတွေနဲ့ ဘက်စကားတစီးတည်းလည်း ကျောချင်းကပ်လိုက်လာခဲ့ရတာပဲ မဟုတ်လား၊ ဦးစားပေးသင့်သူကို ဦးစားပေးခြင်းဖြင့် ကျွန်ုပ်တို့ရဲ့ပတ်ဝန်းကျင်ကို အချစ်တို့မျှဝေကြပါစို့ တဲ့။ ရင်ထိုးတံဆပ်မှသည် ဘီလ်ဘုတ်ဆိုင်းဘုတ်အထိ မောင်းတောရဲကင်းမှသည် နေပြည်တော်သင်္ဂဟဟော်တယ်အထိ ခင်ဗျားလစ်ရင်တော့ ခင်ဗျားခံရမှာပဲ ဟောတာပြောတာတွေ နားထောင်ရုံနဲ့တော့ တုပ်ကွေးကမပျောက်ဘူး နည်းနည်းလေးပေါ့လိုက်တာနဲ့ လုံခြုံရေးကောင်စီတံခါးကို ခေါက်တော့တာပဲ၊ တကယ်က နှစ်ဖက်စလုံး ဒုက္ခသည်တွေချည်းပါဗျာ ရွာတွေအားလုံး သားသေလင်ဆုံးတွေချည်းပါဗျာ တပြည်လုံးကအမုန်းတွေနဲ့လည်း ဒီမီးကငြိမ်းမသွားဘူး တကမ္ဘာလုံးကအော်သံတွေနဲ့လည်း ဒီစည်းရ...

စူပါဆန်းဒေး

မိုးရွာချလိုက်တော့ တိုက်ခေါင်မိုးပေါ်ကငှက်တွေ ထပျံကြတယ် ဒီည မီးကပျက်အုန်းမှာလား လမ်းထိပ်အမှိုက်ပုံးတွေဘေးမှာ ကလေးတအုပ်ရယ် ခွေးတအုပ်ရယ် မြောင်းထဲကရေကတော့ သူ့တရားနဲ့သူ တက္ကဆီတစီးက မှောင်ရိပ်ထဲမှာရပ်နေတယ်၊ လွတ်လပ်တဲ့လူဆိုတာမရှိဘူး ချက်ကြိုးကိုဖြတ်ပြီးတာနဲ့ ခြေထောက်မှာလေဘယ်ကချည်ပြီးသားပဲ ပင်စင်ရပြီးနောက်တနေ့မှာ နှိုးစက်ဟာမြည်နေသလိုမျိုး ခွက်ထဲကရေက ခွက်ကိုခွဲဖို့ခက်ခဲ့တယ် တယောက်က ဈေးလမ်းလေးထဲ ချိုးဝင်လိုက်တဲ့အချိန်မှာ တယောက်က ကျောပိုးအိတ်ကကြိုးကို တင်းလိုက်တယ်၊ ဒီကားကနောက်ဆုံးကားပဲ အခုလိုအခြေအနေမှာ ဘယ်သူ့ကိုမှ ငွေတရာပိုမပေးနိုင်ဘူး ဘ၀ဆိုတာ ဘာဆန်းလို့လဲကွာ အားလုံးရှေ့ပေါက်ကတက်ပြီး နောက်ပေါက်ကဆင်းကြရတာပါပဲ အိမ်ပြန်ခရီး ဘက်စ်ကားကြီးပျော်ပျော်စီး။ ။ နှင်းခါးမိုး ၁၇၊ စက်တင်ဘာ၊ ၂၀၁၇