မြို့ပတ်
မီးရထားဟာ မူးနေတယ်
ဘူတာထဲဝင်လာတော့လည်း ဒယီးဒယိုင်နဲ့
ဘူတာထဲကပြန်ထွက်သွားတော့လည်း ဒယီးဒယိုင်နဲ့၊
ဘ၀က ရထားအောက်ထဲပြေးဝင်လိုက်မှ အေးမှာပါ
ဘူတာထဲ ရထားဝင်လာကတည်းက ကောင်မလေးက တွေးနေတာ
ဘူတာက ရထားထွက်သွားတဲ့အထိ ကောင်မလေးက တွေးနေတုန်း၊
မိုးရွာလည်း ထမင်းနှစ်နပ်ပဲ
နေပူလည်း ထမင်းနှစ်နပ်ပဲ
ခွက်ထဲကရေသာ မလှုပ်အောင်လုပ်လို့ရချင်ရမယ်
ဗိုက်ထဲကအူကတော့ ဘယ်ဘူတာမှမရပ်ဘူး၊
မနေ့က သံလမ်းဘေးကအမှိုက်ပုံဟာ
ဒီနေ့မိုးလင်းတော့ ကျုးကျော်ရပ်ကွက်ကလေးဖြစ်နေတယ်
ရထားဥသြသံမှာ ဖုန်လုံးကြီးထဲ ဈေးဗန်းကလေးတွေ။
ကင်မရာကြီးလက်ထဲကိုင်ပြီး တပုံမှ မရိုက်ဖြစ်လိုက်ဘူး တဲ့
ဖိနပ်ကြိုးကိုပဲ သဲကြီးမဲကြီး ငုံ့ချည်လို့
သူတို့ပတ်နေတဲ့ကမ္ဘာဟာ ဒီနေရာမှာ တပတ်တိတိပြည့်ခဲ့တယ်။
နှင်းခါးမိုး
၈၊ ဇန်န၀ါရီ၊ ၂၀၁၉

Kommentarer
Legg inn en kommentar