နေဇော်နိုင် ဟောဒီ ကမ္ဘာပေါ်မှာ နာနာကျင်ကျင်ဘ၀ ရှိသူတိုင်း သမိုင်းကို ပြောင်းလဲပစ်ခဲ့ကြတယ်၊ လူဟာ ချွေးတစက် ရင်းနှီးရင် အပွင့်အသီး ညီညီမျှမျှပြန်ရနေဖို့၊ လူတဦးတယောက်ရဲ့ အသက်ရှူသံ သူ့ကြမ္မာနဲ့ ယုံကြည်ချက်တွေအပေါ် ဘယ်သူမှ မကျူးကျော်နိုင်ဖို့၊ အသိ အသက် ရှိတာခြင်း တူရင် ဘယ်လူမျိုးကမှ အခွင့်အရေး ပိုမယူကြဖို့၊ စစ်ဖိနပ်ထဲ ထိုးသွင်းထားတဲ့ အဟောင်းအမြင်း မှန်သမျှကို ခေါင်းရင်းကနေ ကန်ချပစ်ကြရမယ်၊ ကျနော်တို့ဟာ သမိုင်းရဲ့ ထုတ်ကုန်ပါပဲ လူထုကို ယုံတယ်၊ ဒီမိုကရေစီကို ချစ်တယ်၊ အမျိုးသားသွေးစည်းညီညွတ်ရေးကို မြတ်နိုးတယ်။ ပြည်တွင်းစစ် အနှစ် (၅၀)ကြီးထဲက ကြေကွဲ သွေး ဘ၀ အသက်တွေ ဒီမိုကရေစီ အရေးတော်ပုံကြီးထဲက သူရဲကောင်းတို့ရဲ့ ၀ိဥာဉ်တွေကို ဦးညွတ် အမျိုးသားထု လွတ်မြောက်ရေးအတွက် စစ်အာဏာရှင် အဆက်ဆက် ညက်ညက်ကြေနေတဲ့ နှလုံးသားပေါ်မှာ တော်လှန်ရေးကို စိုက်ပျိုးပစ်ခဲ့ကြတယ်။ စစ်အာဏာရှင်တို့ ခင်ဗျားတို့ ဒိုင်ယာရီ စာအုပ်ထဲက အဆီတရွှဲရွှဲ စာရင်းဇယားတွေဟာ တိုင်းပြည် သယံဇာတများပဲ ဖြစ်တယ်၊ ခင်ဗျားတို့ နှုတ်ခမ်းက အပြုံးစဟာ လူထု သက်ပြင်းချသံတွေ ဖြစ်တယ်၊ ခင်ဗျားတို့ မျက်လုံးထဲက အလင်းစဟာ ကလေးတွေ ချွေချွေချခဲ့ရတဲ့ သွေးစ သွေးနများပဲ ဖြစ...