Innlegg

Viser innlegg fra mai, 2018

မိုးရဲ့စတိုင်

မုန်တိုင်းက ၀တ်စုံအပြည့်နဲ့ ညစာစားပွဲထဲ ဝင်လာတဲ့အချိန်မှာ အနောက်တောင်ထောင့်ဝိုင်းမှာ အပျိုမလေးက ပျောက်သွားတဲ့ကြယ်တွေကို ရေတွက်နေရဲ့၊ သစ္စာအဖောက်ခံရတဲ့ကောင်းကင်ကြီးက တိမ်ဆိုးတွေကို သံကြိုးဖြေလွှတ်လိုက်တဲ့အခါ တုန်ယင်နေတဲ့ရပ်ကွက်ကလေးဟာ သူ့ပြတင်းပေါက်တွေကို ကမန်းကတမ်းဝှက်ရှာတယ် လမ်းဘေးရေနှုတ်မြောင်းကလေးတွေကတော့ ရရာလက်နက်စွဲကိုင်ကြရင်း ငါတို့မှာရွေးချယ်စရာမရှိဘူး တဲ့။ ဘက်စကားပေါ်မှာ ကျန်ခဲ့တာလား လက်ဖက်ရည်ဆိုင်မှာ ကျန်ခဲ့တာလား လက်ဆောင်ရထားတဲ့ထီးကလေးပေမယ့် သံယောဇဉ်ကကြီးပါတယ်။ တရံတခါက ၀ရန်တာမှာ ဂမုန်းပင်ကလေး ပြုံးပြုံးရွှင်ရွှင်ရှိပါစေ။ ။ နှင်းခါးမိုး

လမ်းရဲ့စတိုင်

ခြေရာတွေမှာ ဝေဒနာတွေ့တယ် ဝေဒနာတွေမှာ ခြေရာတွေ့တယ် မင်းတို့လိုရာရောက်ပါစေ။ မီးတိုင်လေးအောက်မှာ အိမ်ရောက်အောင်တောင် မစောင့်နိုင်တော့တဲ့ ချာတိတ်ဟာ သနပ်ခါးရနံ့နွေးနွေးနဲ့ စာတစောင်ကို ကတုန်ကယင်ထုတ်ဖတ်နေတယ်။ လျှောက်ခဲ့တာတော့ အဝေးကြီးပဲ ရောက်ခဲ့တာလည်း အများကြီးပဲ လေတွေတိုက်နေတဲ့ လမ်းပေါ်မှာ လွင့်လို့ကောင်းတုန်းလား လေလွင့်သူကြီး။ တောင်တန်းကြီးပေါ် တင်ငြိနေတဲ့အပ်ခြည်ကြိုးလေးတချောင်းကို ငေးကြည့်ရင်း လူ့ဘ၀တွေဟာ တခါတလေ လောင်းကြေးဖြစ်ခဲ့ဘူးတာ သတိရတယ်။ နှင်းခါးမိုး

ရေရဲ့စတိုင်

ရေက ပုလင်းထဲက မထွက်တော့ဘူး ပုလင်းက ပုံးထဲက မထွက်တော့ဘူး ပုံးက အခန်းထဲက မထွက်တော့ဘူး ၀င်လာတဲ့သူရဲ့ရွေးချယ်မှုကို စိတ်အေးလက်အေး ထိုင်စောင့်နေလိုက်တယ်။ ရေရဲ့ရည်ရွယ်ချက်က စီးဆင်းနေဖို့ပဲ။ နှင်းခါးမိုး