မောင်တို့ရွာ သာပါစမေး
အသက်ရှင်နေတဲ့ လူတွေရဲ့ မျက်နှာအသေတွေကို သင်တို့ မြင်ဘူးပါသလား။ ကျနော့်ကွန်ပြူတာမှာ မုန်တိုင်းတုန်းက တန်းစီနေတဲ့ ဒုက္ခသည်တစုကို ရိုက်ထားတဲ့ ဓါတ်ပုံတပုံကို အွန်လိုင်းပေါ်မှာ တွေ့ရာက သတိထားမိပြီး စက်ပေါ်ဆွဲချ မျက်နှာဖုံးအဖြစ် တင်ထားလိုက်တာ ဒီနေ့အထိပါပဲ။ ကွန်ပြူတာ ဖွင့်လိုက်တာနဲ့ သူတို့တစု မျက်နှာတွေကို တန်းတွေ့ရတာပါ။ အစားအသောက်၊ ပစ္စည်း ပစ္စယ ဝေတဲ့နေရာမှာ တန်းစီနေပေမယ့် သူတို့မျက်နှာတွေပေါ်မှာ လိုချင်မှု၊ မျှော်လင့်ချက် စတာတွေ မတွေ့ရသလို မုန်တိုင်းရဲ့ ဒုက္ခတွေ ဖိစီးထားပေမယ့်လည်း သောကတွေ၊ ကြေကွဲမှုတွေ၊ တခုခုအပေါ် ဒေါသ၊ အလိုမကျမှု စတာတွေလည်း မတွေ့ရပါဘူး။ ပြောရရင် ဘာခံစားချက်မှ ဖွင့်ဆိုကြည့်လို့ မရနိုင်တဲ့ တကယ့် မျက်နှာအသေတွေပါ။ တခါတခါ ကျနော်လည်း သူတို့မျက်နှာတွေကို စေ့စေ့ထိုင်ကြည့်ရင်း ဘာကိုမှ မတွေးမိ၊ မခံစားမိတော့ပဲ ငူငူကြီး ဖြစ်ဖြစ်သွားမိပါတယ်။ စာစကားနဲ့ပြောရရင် တကယ်တော့ အဲဒီနေရာမှာ လူသားရဲ့ ဖြစ်တည်မှုဟာ ပျောက်ဆုံးသွားတော့တာပါပဲ။ အခု ရှစ်လေးလုံး နီးလာတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကို ပြန်တွေးကြည့်ရာက မှတ်မှတ်ရရ ဖြစ်ခဲ့တာလေးတွေထဲက ပြုံးပျော် အော်ဟစ်နေခဲ့ဘူးတဲ့ ကျနော်တို့ ပြည်သူတွေကို သတိရလိုက်မိတယ်။ မြ...