ခြင်သုံးကောင် လူသုံးယောက်နှင့် မေတ္တာတရား
( ၀တ္ထုတို ) နှင်းခါးမိုး အခန်းထဲတွင် လူသုံးယောက်ရှိသည်။ အေ၊ ဘီ၊ စီဟု ဆိုပါစို့။ အခန်းမှာ တံခါးပေါက် တပေါက်ရှိသည်။ ဖျာသုံးချပ်ရှိသည်။ အခန်းပေါက်ဝမှာ ရေအိုး တလုံးရှိသည်။ အခန်းကလေးမှာ ဆယ့်နှစ်ပေ၊ ရှစ်ပေ အကျယ်ရှိသည်။ သူတို့သုံးယောက် ကျောဆန့်လိုက်လျင် အခန်းကလေးမှာ ပြည့်သွားမတတ် ဖြစ်သည်။ အခန်းထောင့်မှာတော့ အညစ်အကြေးစွန့်ရာ အင်တုံနှစ်ခုရှိသည်။ ဖွဲပြာအိတ် တအိတ်ရှိသည်။ သူတို့ ဖျာသုံးချပ်ထဲက ဟောင်းစုတ်နေသော ဖျာတချပ်မှာ အလေးအပေါ့ စွန့်စဉ်သုံးသည့် အကာအရံဖြစ်သည်။ ယောင်္ကျား လေးများချည်း ဖြစ်သော်လည်း တယောက်ကိုတယောက် မျက်နှာပူကြသည်။ မြင်ကွင်းကို ကာရံ၍ရသော်လည်း အနံ့အသက်ကတော့ အခန်းကလေးထဲမှာ ရှောင်ပြေး၍ မရ။ ပထမတော့ သည်ချောင်လေးထဲ ၀င်ရမှာ တခြားလူတွေကို အားနာနေတတ်သည်။ အန္တရယ် အလွယ်ခက်သည်ကို ဖြေရှင်းရင်း နောင်တော့ တဖြည်းဖြည်း အသားကျ သွားသည်သာ။ အလေးစွန့်သည့်အခါ သန့်ရှင်းရေး အတွက် အပြင်မှာတော့ ရေနှင့် စက္ကူ၊ တုတ်ချောင်း စသည်တို့ကို သုံးစွဲခဲ့ဖူး သော်လည်း သည်ထဲမှာတော့ ပိတ်စကို ဖြဲကာ သုံးစွဲကြရသည်။ အ တွေ့အကြုံ သစ် တခုပင်။ မနက်တခါ ညနေတခါ ဇလား လာချပေးသည်။ ဇလားဆိုတာက ထို အညစ်အကြေး အင်တုံတွေကို ခေါ်ခြင်းဖြစ်သည်