စကားလက်ဆောင်
လူ့ဘ၀ရဲ့ ညအသင်္ချေမှာ အိပ်မက်နှောက်ယှက်မှုကင်းတဲ့ အိပ်စက်ခြင်းဆိုတာ ဘယ်ခါကမှ မရှိခဲ့ပါ။ သေခြင်းရဲ့အဆုံးစွန် တမလွန်ရှိသည်ဆိုလျင် ငါ့ရဲ့သေဆုံးခြင်းဟာ အလင်းရောင်သစ္စာရှာတဲ့ ကဗျာဆရာဟိုးမားတို့နှင့် သွားရောက်တွေ့ဆုံဆွေးနွေးခြင်းပင်၊ သေခြင်းရဲ့အဆုံးစွန် တမလွန်မရှိဘူးဆိုလျင် ငါ့ရဲ့သေဆုံးခြင်းဟာ အိပ်မက် အနှောက်အယှက်ကင်းတဲ့ အိပ်စက်ခြင်းပင်။ သေရမှာကို ငါဘယ်လိုမှ မကြောက်တကား၊ ငါကြောက်တာက ကိုယ်ယုံကြည်တာကို အချိုးဖျက်ခံပြီး ပြောရေးဆိုခွင့်မဲ့စွာအသက်ရှင်နေရမယ့် သီလကြောင်ဒီလောကရဲ့ နေ့ လ ရက်များ။ ။ အောင်ချိမ့် တနေ့က သူငယ်ချင်းတယောက်နဲ့ အိပ်မက်အကြောင်း စကားစပ်မိရာကနေ ဒီကဗျာလေးကို သွားသတိရမိပါတယ်။ မြန်မာမော်ဒန်ခေတ်ဦးက ၁၉၇၀ နှောင်းပိုင်း မိုးဝေစာပေမဂ္ဂဇင်းမှာ ဖတ်ခဲ့ဘူးတဲ့ ကဗျာလေးပါ။ ကဗျာတွေကို အလွတ်ရလေ့မရှိတဲ့ ကျနော်ဟာ ဒီကဗျာကိုတော့ စိတ်ထဲ စွဲမြဲနေခဲ့ပါတယ်။ ကျနော့်ရဲ့ အလုပ်လမ်းညွုန်ကဗျာလို့ဆိုလည်း မမှားပါဘူး။