အပြန်

နှင်းခါးမိုး

ခြေလှမ်းတိုင်း
အလွမ်းထဲကျွံကျ။

ငါ့စံပယ်ပင်လေး
နေပူနေမလား
ရေလောင်းမယ့်သူမှရှိပါ့မလား
အဖူးလေးတွေ မပွင့်ပဲကြွေလေမလား။

ခရီးဆောင်သေတ္တာကိုပိတ်တဲ့လက်က
နှလုံးသားမဆန်ဘူး
လက်ဆွဲအိတ်က
လူကိုဆွဲဆွဲချရဲ့
အရက်သောက်များလို့ထင်ရဲ့
ရင်ဘတ်တွေနာတယ်
မသောက်ပဲ မှောက်ခဲ့ရတဲ့ ဒီနေ့။

တိမ်ပေါ်ရောက်ရင်
မြေပြင်ကိုငုံ့မကြည့်ချင်ဘူးကွယ်
သတ္တုအတောင်ပံတွေက တဆတ်ဆတ်တုန်လို့
ငါပျံသန်းနေတယ်
ငါ့စိတ်တွေပျံသန်းနေတယ်
လေထီးမပါပဲ ခုန်ခုန်ချသွားတဲ့အတွေးများ။

တရုပ်ကပ်တံခါးလေးကို ဖွင့်လိုက်ပိတ်လိုက်
ခန်းဆီးစလေးကို ချည်လိုက်ဖြည်လိုက်
ပန်းပေါင်းစုံရှုဆေးဘူးလေးကို ကျစ်ကျစ်ဆုပ်လို့
အပြန်လား အသွားလား
အစုန်လား အဆန်လား
သံလမ်းမရောက်တဲ့မြို့ကလေးရေ
အဲဒီစံပယ်ပင်လေးကို ငါစိုက်ခဲ့တာပါ။

မိုးရွာရင်
ဘာတွေတွေးနေမလဲ
အခန်းထဲ ဘုရားမီးကလေး လင်းနေ။ ။

Kommentarer

  1. စိတ်ကူးနဲ့ ပြန်တဲ့ အပြန်ကို ဖတ်သွားပါတယ်။ ကိုနှင်းခါးမိုး ကဗျာ မဖတ်ရတာ ကြာပြီ။

    SvarSlett
  2. အကြာကြီးပျောက်ပြီးမှ ပြန်ဖတ်ရတဲ့ ကဗျာ ဆိုတော့...သေချာ ဖတ်ပြီး ခံစားကြည့်သွားပါတယ်။

    SvarSlett
  3. အပြန်ခရီးတွေရဲ့ စိတ်လှုပ်ရှားမှုမျိုး ခံစားဖူးပါရဲ့ဗျာ

    SvarSlett
  4. နှင်းခါးမိုးပြန်လာပြီ..
    ကဗျာတွေနဲ့အတူပြန်လည်ရောက်ရှိလာနိုင်စေ ..

    SvarSlett
  5. အပြန်.. မှာ ထားသွားသူ၊ အထားခံခဲ့ရသူ၊ ဟိုဖက်ခြမ်းကကြိုနေသူ
    တဆတ်ဆတ်တုန်ခါနေတဲ့ စိတ်တွေအားလုံး
    နှလုံးသားဆန်ဆန် စံပယ်ဖူးတွေဝေလို့...

    SvarSlett
  6. အားလုံးကိုကျေးဇူးတင်ပါတယ်။ အပြန်တွေ၊ အသွားတွေ ခေါက်ရေတွေများလှပြီဖြစ်ပေမယ့် တခါပြန် တခါခံစားနေရတုန်းမို့ ရေးဖြစ်သွားတာပါ။

    SvarSlett
  7. ကဗျာကောင်း၊ စာကောင်းလေးတွေပြန်ဖတ်ရဦးမှာပေါ့။
    အပြန်ကို ကျနော်လည်းမျှော်နေပါသဗျား။

    SvarSlett
  8. အပြန်တဲ့လား… ပြန်လာတာမကြာသေးတော့ ခံစားချက်တွေ ထပ်တူကျနေတယ် ကိုဝေလင်းရေ… ဒါပေမယ့်… တခေါက်ပြန်တိုင်း ဘယ်ကနေ ဘယ်ကို ပြန်တာလဲ… ကိုယ့်အိမ်က ဘယ်မှာလဲ ဆိုတဲ့ မေးခွန်းက အဖြေမရှိဘူး… အနေကြာလာတာနဲ့  ကိုယ့်အိမ်ဖြစ်မလာနိုင်တာ အံ့သြစရာပါပဲ… အမေ့အိမ်ကို ဘယ်တော့ အပြီးပြန်နိုင်မလဲ… အဲဒီအပြန်လေးအတွက် သတ္တိတွေ ရှိချင်တယ်… ပြီးတော့ အင်အားတွေရှိချင်တယ်… ကိုဝေလင်းရေ… ဘလော့ပေါ်ပြန်လာတာ အရမ်းဝမ်းသာမိပါတယ်…

    SvarSlett
  9. နှင်းခါးမိုးဆိုတဲ့ကဗျာဆရာကို အရှင်လတ်လတ်ကြီးပြန်တွေ့ရလို့ ကြည်နူးရတယ်။
    သူ့စံပယ်ပန်းတွေ တသင်းသင်း တကျူကျူနဲ့ မွှေးလှရဲ့

    ဒုက္ခတွေထဲကနေ လန်းဆန်းသွားလိုက်တာ။ ကျေးဇူးတင်တယ်

    SvarSlett

Legg inn en kommentar

Populære innlegg fra denne bloggen

စပါတာကပ် (ပထမပိုင်း)

နှစ်သစ်

မီးသွေး