ရင်မောတယ်

အနော်မာ

ဆားတထုပ်နဲ့နယ်ပြီး
အိမ်မှာ ကြက်သားပြုတ်ကြော်စားတယ်၊
…….
စားနေရင်း
ကမ္ဘာပေါ်မှာ
အစားတလုပ်မဲ့လို့
ငိုယိုရင်း လူးလူးလိမ့်လိမ့်
ကိုယ့်ဗိုက်ကိုယ်ပုတ်နေကြရတဲ့သူတွေ
ဘယ်လောက်များပါလိမ့်
……
ရင်မောတယ်။

ထီးတချောင်းထုတ်ပြီး
အလှုအိမ်ဘက်လျောက်သွားတယ်
လမ်းမှာ အ၀တ်ဆိုင်ထဲဝင်ပြီး
တိုက်ပုံအကျီတထည် ၀င်ရွေးဝတ်တယ်၊
……..
ရွေးနေရင်း
ကမ္ဘာပေါ်မှာ
အ၀တ်ဗလာမဲ့လို့
မွေးရာပါအရေပြားချုပ်ဝတ်ကြရတဲ့သူတွေ
ဘယ်လောက်များပါလိမ့်
…….
ရင်မောတယ်။

ညနေစောင်းနေကို
ထီးအရိပ်နဲ့ကွယ်လို့
……..
လျှောက်နေရင်း
ကမ္ဘာပေါ်မှာ
အရိပ် အမိုးအကာမဲ့လို့
လွင်တီးခေါင်မှာ ပုဆိုးခြုံအိပ်ကြရသူတွေ
ဘယ်လောက်များပါလိမ့်
……..
ရင်မောတယ်။

အမှတ်မထင်
သူတောင်းစားလေးတယောက် ရောက်လာပြီး
အကိုကြီးရယ် တကျပ်တပြားလောက်စွန့်ကြဲခဲ့ပါ၊
ဒီခေတ်မှာ တကျပ်က ရွှေထက်ရှားတယ်
တပြားက စိန်ထက်ရှားတယ်
လိုချင်ရင် ရော့တရာ ဆိုပြီး
စုတ်ပြတ်ရိနွမ်း ဒါဏ်ရာဗရပွနဲ့
အမျိုးသားပြတိုက် ပို့ရလောက်တဲ့
တရာတန်ထုတ်ပေးတယ်
နှာခေါင်းရှုံ့မနေနဲ့
တရာတန်တိုင်း ဒီလိုပဲ
……
ရင်မောတယ်၊
ငွေစက္ကူထုတ်စက်ရှိရင်
တရာတန်အသစ်ကလေးတွေထုတ်ပါတယ်။

ရုတ်တရက်
စာအုပ်တိုက်ရှေ့ရောက်လာလို့
စာရေးဆရာရီရရဲ့
တော်လှန်မလား…
ကျုပ်ဟာကျုပ်လှန်ရမလားဆိုတဲ့
ဟာသစာအုပ်ကလေး ၀င်ဆွဲခဲ့တယ်
…….
ရင်မောတယ်၊
ကမ္ဘာပေါ်မှာ
စာမတတ်လို့
ကြက်ခြေခတ်ကြရတဲ့ ဘ၀တွေ
ဘယ်လောက်များပါလိမ့်။

အလှုအိမ်ပေါ်တက်ပြီး
ထီးကောက်ချိတ်
တိုက်ပုံအကျီလေးနဲ့ ပဲပေးပြီး
ရုပ်တည်နဲ့ မုန့်ဟင်းခါးဝင်ကြိတ်တယ်၊
…..
ကမ္ဘာပေါ်မှာ
သေရင် ဘာမှပါမသွားဘူးဆိုတာ သိလို့
လှုတန်းနေကြတဲ့သူတွေ
ဘယ်လောက်များလဲ
……
ရင်ထဲမှာ
အတိုင်းထက်အလွန်
ဝမ်းသာမိတယ်။

အိမ်ပြန်ရောက်
၇ နာရီထိုးလို့
ကိုးရီးယားကားကြည့်ဖို့
ဖယောင်းတိုင်ထွန်းလိုက်တယ်၊
……
ကမ္ဘာပေါ်မှာ
တိုင်းပြည်က အရင်းအမြစ် ပေါကြွယ်ဝပေမယ့်
ပြည်သူတွေဆင်းရဲနေတဲ့နိုင်ငံ
ဘယ်လောက်များလဲ
…….
ရင်မောတယ်။

ရှုပ်ပါတယ်
ရေဒီယိုထုတ်ပြီး
လေလှိုင်းကအသံပဲ နားဆင်တော့မယ်၊
ဂျီး ဂျလီး ဂျီး
ဂျီး ဂျီး ဂျီး
ဒီနေ့မြန်မာပိုင်းအစီအစဉ်ရဲ့
အထူးသတင်းတရပ်အနေနဲ့
အမေရိကန် အင်္ဂလန်၊ ဂျပန် ဂျာမဏီ၊ တရုတ် ရုရှားတို့ကို
အပြတ်အသတ်ကျော်တက်ကာ
ကမ္ဘာ့အချမ်းသာဆုံး နံပတ်တစ်နိုင်ငံအဖြစ်
ဘိုးမင်းခေါင် ဘိုးဘိုးအောင်၊ အရှင်အဇ္ဖဂေါဏတို့
လျှာထွက်အောင် ၀ိုင်းမသောကြောင့်
ဒယီးဒယိုင်နဲ့
ပုဆိုးမနိုင် ပုဝါမနိုင်
မြန်မာနိုင်ငံရောက်ရှိသွားပါကြောင်း၊

ဟေး
…..
…..
…..
…..
မီး လာ ပြီ။

၁၅၊ ၀၁၊ ၀၉ (၀၀း၀၄ နာရီ)
ပြည်တွင်းက ကျောင်းသားလူငယ်တဦး ရေးသားပေးပို့လိုက်တဲ့ ကဗျာပါ။ ကိုဇော်ထွန်းမှတဆင့် ခွင့်ပြုချက်တောင်းခံပြီး တင်ပါတယ်။

Kommentarer

  1. အလုပ်လုပ်ရတာများလို့ နားနားနေနေနေရရင်
    ကောင်းမလားတွေးမိပြီး အတွေးတွေများလာလို့ ရင်မောနေရတာထက်
    အလုပ်လက်မဲ့ဖြစ်နေလို့ အလုပ်တွေရှာရရင်း ခြေတိုစိတ်တို မျက်နှာကပိုကရိုဖြစ်နေရသူတွေကို ကြည့်ရတာ ပိုပြီးရင်မောသဗျာ....

    ရွှင်လဏ်းပါစေ ကိုဝေလင်းကြီးရေ့

    SvarSlett
  2. တကယ့် သရုပ်မှန် ခံစားမူ ကဗျာလေး..အရမ်းသဘောကျတယ်။ ဒါပေမဲ့..ဖတ်ပြီးတော့လည်း..
    ရင်မောမိပါတယ်။

    SvarSlett
  3. ရင်မောနေရတဲ့ကြားထဲမှာ ရင်မောတယ်- ဖတ်ပြီး ရင်ထပ်မောသွားပါကြောင်း.....

    SvarSlett
  4. မောပါတယ် ဆိုမှ...

    SvarSlett
  5. ကဗျာလေး အရမ်းထိတယ်ဗျာ။

    SvarSlett
  6. မြင်တတ်တဲ့မျက်လုံးတွေ
    ကြားတတ်တဲ့နားတွေ
    ခံစားတတ်တဲ့နှလုံးသားတွေက
    ရင်မောတတ်တယ်နော်…

    SvarSlett

Legg inn en kommentar

Populære innlegg fra denne bloggen

စပါတာကပ် (ပထမပိုင်း)

နှစ်သစ်

နှင်းဆီပွင့်ပေါ် ဆရာ အိပ်ပျော်အုန်းမှာမဟုတ်ဘူး