အိပ်ယာဝင်

နှင်းခါးမိုး


ရေနည်းငါးတစ်ကောင်ရဲ့ 
ခြောက်ခြားပူလောင်ပုံမျိုး
စိုးရိမ်မှုတွေက
ငါ့အပေါ်ပြိုကျ

ခြေထောက်အောက်မှာ
ကမ္ဘာ
သဒ္ဒါစည်းကျဉ်းကျဉ်းနဲ့
ချစ်ခြင်းမေတ္တာကိုဖွဲ့ 

ချစ်သူတို့ခွဲခွာချိန်
အနောက်ဘက်တိမ်နီနီမှာ
အိမ်ပြန်ငှက်တို့ခြေရာ
အထီးကျန်မှုဆာလောင်လွန်းသမို့
အမှောင်ဆီတိုးလို့ဝင်ခဲ့..

ဘယ်တော့မှပြန်ရနိုင်တော့မည်မဟုတ်
ရုပ်ရှင်တစ်ပွဲကို
ချစ်သူရင်ခွင်ထဲကကြည့်သလို
ဘ၀ကိုရင်ဖိုချင်ရဲ့ 
ဒါပေမယ့်
အားလုံးပြီးဆုံးခဲ့ပြီမဟုတ်လား
ကြိုးတန်းပေါ်ကည
ပြုတ်ကျလာတယ်..

မီးရထားလက်မှတ်
ဘတ်စကားလက်မှတ်
ရုပ်ရှင်လက်မှတ်
ထီလက်မှတ်
အားလုံးအမှတ်တရပါပဲ..

ခြင်ထောင်တစ်ထပ်
စောင်တစ်ထပ်နဲ့
အမှတ်တရတွေကိုခြုံသိပ်လိုက်ရဲ့ 

စကြ၀ဠာထဲမှာ
ကမ္ဘာထဲမှာ
ငါ့အတွက်အိပ်ဖို့တစ်နေရာ
ငါ့ဖာသာငါရှာခဲ့

မနက်ဖြန်မနက်စောစော
ဘ၀ကိုဒုက္ခနဲ့ဆေးကြောရဦးမယ်..။

ဒီကဗျာကို ဘယ်တုန်းက ရေးခဲ့တာလဲ ကျနော် မမှတ်မိတော့ပါ။ အခု ဆရာမ မနော်ဟရီရဲ့ ကျေးဇူးနဲ့ လက်ဝယ်ပြန်ရပါတယ်။ ကဗျာကို ပြန်ဖတ်တော့ ကိုယ့်ကဗျာ ကိုယ်မမှတ်မိနိုင်လောက်အောင်ပါပဲ။ အနောက်ဘက်တိမ်နီနီ၊ အထီးကျန်မှုဆာလောင်လွန်းသမို့၊ ကြိုးတန်းပေါ်ကည၊ ဘ၀ကိုဒုက္ခနဲ့ဆေးကြောရအုန်းမယ် စတဲ့ မှတ်မှတ်ရရဖြစ်ခဲ့ဘူးတဲ့ စကားလုံးတွေကို ပြန်တွေ့မှပဲ ငါ့ကဗျာလေးရယ်လို့ ရင်မှာပြန်နွေးထွေးရပါတယ်။
အချိန်ကာလက ဘာတွေကို ပြောင်းလဲစေခဲ့သလဲ။ ဒီကဗျာလေးက ကျနော့်ကို မေးခွန်းတွေ ထုတ်လို့နေပါရောလား။
အခုတော့လည်း မနက်ဖြန်မနက်အကြောင်း မတွေးပဲ အိပ်ယာဝင်တတ်ခဲ့နေပြီကော။

Kommentarer

  1. မနက်ဖန်အကြောင်း မတွေးပဲ
    တကယ် အိပ်ယာဝင်တတ်ခဲ့ပြီပေါ့

    ဒါဆို ကျနော်လည်း အဖော်ရပြီဗျို့

    SvarSlett
  2. ကဗျာကောင်းလေးတစ်ပုဒ်အတွက်ကျေးဇူးပါဘဲ
    ကိုဝေလင်းရေ.....

    SvarSlett
  3. ဒီကဗျာလေးကို..မစန္ဒာမိုး လက်ရေးနဲ့ရေးပြီးလုပ်ထားတဲ့
    လက်ရေးကဗျာစာအုပ်ထဲကရတာပါ...
    စာအုပ်ကလေးကရွရွလေးကိုင်ရတဲ့ထိဟောင်းနွမ်းနေပြီ..

    SvarSlett
  4. ကဗျာကောင်းတပုဒ်ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ
    အောက်ခြေမှတ်စုမှာရေးထားသလို
    မနက်ဖြန်အကြောင်းမတွေးဘဲ အိပ်ယာဝင်တတ်ချင်တယ်ဗျို့
    မနက်ဖြန် စာမေးပွဲရှိနေတာကိုးခင်ဗျ :P

    SvarSlett
  5. ကဗျာလေးက ကောင်းလိုက်တာ…
    ကဗျာလေးမွေးဖွားပေးခဲ့သူ ကိုဝေလင်းရော ရှာဖွေပေးခဲ့သူ မနော်ကိုပါ ကျေးဇူးပါ…
    ကျွန်မကတော့ ခြင်ထောင်တထပ် စောင်တထပ်နဲ့  အမှတ်တရတွေ ခြုံသိပ်မိနေတုန်း အိပ်ယာဝင်ချိန်တွေမှာ မရေရာတဲ့ မနက်ဖြန်အကြောင်းတွေကိုတွေးမိနေတုန်းပါ…

    SvarSlett
  6. ဘယ်တော့မှပြန်ရနိုင်တော့မည်မဟုတ်
    ရုပ်ရှင်တစ်ပွဲကို
    ချစ်သူရင်ခွင်ထဲကကြည့်သလို
    ဘ၀ကိုရင်ဖိုချင်ရဲ့ 
    ဒါပေမယ့်
    အားလုံးပြီးဆုံးခဲ့ပြီမဟုတ်လား
    ကြိုးတန်းပေါ်ကည
    ပြုတ်ကျလာတယ်..

    ကဗျာဆရာနဲ့ အတူ လွမ်း သွားပါတယ်။ ရွှင်လန်းချမ်းမြေ့ပါစေ..

    SvarSlett
  7. ကိုဝေလင်းရေ...
    မရောက်တာကြာပါပြီ ...
    ရောက်လာတော့လဲ သိပ်ကောင်းတဲ့ 
    ကဗျာလေးကို ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်...။
    မနော်ကိုလဲ ကျေးဇူးပါဗျာ...။

    SvarSlett

Legg inn en kommentar

Populære innlegg fra denne bloggen

စပါတာကပ် (ပထမပိုင်း)

နှစ်သစ်

နှင်းဆီပွင့်ပေါ် ဆရာ အိပ်ပျော်အုန်းမှာမဟုတ်ဘူး