ကုလားအုတ်တွေနေတဲ့မြို့

ပန်းချီထိန်လင်း


ဒီလိုပဲ ငါတို့ဟာ နေ့ထူးနေ့မြတ်တွေတိုင်း
ဆက်သွယ်ရေးတွေပြတ်တောက်လို့
အနှေးပြကွက်နဲ့ ငါတို့
အသေးစိတ် ပြိုလဲကျ သွားပုံများ။

တို့လက်ထဲကဖုန်းတွေဟာ

ဆက်သွယ်ရေးဧရိယာပြင်ပလို့၊

အလိုလိုထထဖြေကြ။


ဒီလိုရာသီဥတုမျိုးမှာ
လုံခြည်ဝတ်ရင်လဲ ဆင်ဆာလွတ်အောင်၊

ပဲပြုတ်သည်ခေါ်ရင်လဲဆင်ဆာလွတ်အောင်၊

ကလေးချော့ရင်လဲ ဆင်ဆာလွတ်အောင်၊

ယုတ်စွအဆုံး

ဘုရားရှိခိုးတာတောင်မှ ဆင်ဆာလွတ်အောင်။

မိုးရွာထဲလမ်းလျှောက်ရင်း၊

ရေချိုးမမှားအောင်၊စဉ်းစားရတဲ့ဒုက္ခ။

မှောင်ထဲထိုင်ရင်း၊

ကိုယ့်အရိပ်မထွက်အောင်စောင့်ရှောက်ရတဲ့ဒုက္ခ။


ဒါပေမဲ့

ရေငုတ်သမားတွေ ပဲ

အဲဒီလို ပုလဲ တွေ ယူယူ လာကြတာ။

သဲကန္တာရကြီးပါပဲ၊

ကုလားအုပ်တွေရဲ့ ခြေထောက်တွေကို

သန်မာစေတာ။


Hteinlin

စက်တင်ဘာ 2008

Kommentarer

  1. ကိုဝေလင်းဆီက ပို့စ် အသစ်မတင်တာကြာလို့မျှော်နေတာ
    ခု..ကိုထိန့်ကဗျာလည်းကောင်းပါတယ်..နှင်းခါးမိုး ကဗျာလည်း အသစ်ဖတ်ချင်ပါတယ်..အရင်က နှင်းခါးမိုးရေးခဲ့တဲ့..
    “အိပ်ယာဝင်” ဆိုတဲ့ကဗျာ ရှိလား..တစ်နေရာကရထား
    လို့...မရှိရင်ပို့ပေးမယ်...

    SvarSlett
  2. ကဗျာလာဖတ်သွားတယ်ဗျာ။

    SvarSlett
  3. ခြေထောက်တွေ သန်မာသလားတော့ မမေးနဲ့ … အသားမာတွေပါတက်လို့ …

    SvarSlett
  4. ကဗျာကိုဘယ်လိုပို့ရမှန်းမသိတာနဲ့ဒီကပဲ...း)

    အိပ်ယာဝင်

    ရေနည်းငါးတစ်ကောင်ရဲ့ 
    ခြောက်ခြားပူလောင်ပုံမျိုး
    စိုးရိမ်မှုတွေက
    ငါ့အပေါ်ပြိုကျ

    ခြေထောက်အောက်မှာ
    ကမ္ဘာ
    သဒ္ဒါစည်းကျဉ်းကျဉ်းနဲ့
    ချစ်ခြင်းမေတ္တာကိုဖွဲ့ 

    ချစ်သူတို့ခွဲခွာချိန်
    အနောက်ဘက်တိမ်နီနီမှာ
    အိမ်ပြန်ငှက်တို့ခြေရာ
    အထီးကျန်မှုဆာလောင်လွန်းသမို့
    အမှောင်ဆီတိုးလို့ဝင်ခဲ့..

    ဘယ်တော့မှပြန်ရနိုင်တော့မည်မဟုတ်
    ရုပ်ရှင်တစ်ပွဲကို
    ချစ်သူရင်ခွင်ထဲကကြည့်သလို
    ဘ၀ကိုရင်ဖိုချင်ရဲ့ 
    ဒါပေမယ့်
    အားလုံးပြီးဆုံးခဲ့ပြီမဟုတ်လား
    ကြိုးတန်းပေါ်ကည
    ပြုတ်ကျလာတယ်..

    မီးရထားလက်မှတ်
    ဘတ်စကားလက်မှတ်
    ရုပ်ရှင်လက်မှတ်
    ထီလက်မှတ်
    အားလုံးအမှတ်တရပါပဲ..

    ခြင်ထောင်တစ်ထပ်
    စောင်တစ်ထပ်နဲ့
    အမှတ်တရတွေကိုခြုံသိပ်လိုက်ရဲ့ 

    စကြ၀ဠာထဲမှာ
    ကမ္ဘာထဲမှာ
    ငါ့အတွက်အိပ်ဖို့တစ်နေရာ
    ငါ့ဖာသာငါရှာခဲ့

    မနက်ဖြန်မနက်စောစော
    ဘ၀ကိုဒုက္ခနဲ့ဆေးကြောရဦးမယ်..။

    နှင်းခါးမိုး

    SvarSlett

Legg inn en kommentar

Populære innlegg fra denne bloggen

စပါတာကပ် (ပထမပိုင်း)

နှစ်သစ်

နှင်းဆီပွင့်ပေါ် ဆရာ အိပ်ပျော်အုန်းမှာမဟုတ်ဘူး