မောင်တို့ရွာ သာပါစမေး

အသက်ရှင်နေတဲ့ လူတွေရဲ့ မျက်နှာအသေတွေကို သင်တို့ မြင်ဘူးပါသလား။
ကျနော့်ကွန်ပြူတာမှာ မုန်တိုင်းတုန်းက တန်းစီနေတဲ့ ဒုက္ခသည်တစုကို ရိုက်ထားတဲ့ ဓါတ်ပုံတပုံကို အွန်လိုင်းပေါ်မှာ တွေ့ရာက သတိထားမိပြီး စက်ပေါ်ဆွဲချ မျက်နှာဖုံးအဖြစ် တင်ထားလိုက်တာ ဒီနေ့အထိပါပဲ။ ကွန်ပြူတာ ဖွင့်လိုက်တာနဲ့ သူတို့တစု မျက်နှာတွေကို တန်းတွေ့ရတာပါ။ အစားအသောက်၊ ပစ္စည်း ပစ္စယ ဝေတဲ့နေရာမှာ တန်းစီနေပေမယ့် သူတို့မျက်နှာတွေပေါ်မှာ လိုချင်မှု၊ မျှော်လင့်ချက် စတာတွေ မတွေ့ရသလို မုန်တိုင်းရဲ့ ဒုက္ခတွေ ဖိစီးထားပေမယ့်လည်း သောကတွေ၊ ကြေကွဲမှုတွေ၊ တခုခုအပေါ် ဒေါသ၊ အလိုမကျမှု စတာတွေလည်း မတွေ့ရပါဘူး။ ပြောရရင် ဘာခံစားချက်မှ ဖွင့်ဆိုကြည့်လို့ မရနိုင်တဲ့ တကယ့် မျက်နှာအသေတွေပါ။ တခါတခါ ကျနော်လည်း သူတို့မျက်နှာတွေကို စေ့စေ့ထိုင်ကြည့်ရင်း ဘာကိုမှ မတွေးမိ၊ မခံစားမိတော့ပဲ ငူငူကြီး ဖြစ်ဖြစ်သွားမိပါတယ်။ စာစကားနဲ့ပြောရရင် တကယ်တော့ အဲဒီနေရာမှာ လူသားရဲ့ ဖြစ်တည်မှုဟာ ပျောက်ဆုံးသွားတော့တာပါပဲ။

အခု ရှစ်လေးလုံး နီးလာတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကို ပြန်တွေးကြည့်ရာက မှတ်မှတ်ရရ ဖြစ်ခဲ့တာလေးတွေထဲက ပြုံးပျော် အော်ဟစ်နေခဲ့ဘူးတဲ့ ကျနော်တို့ ပြည်သူတွေကို သတိရလိုက်မိတယ်။ မြန်မာ့သမိုင်းမှာ လူထုတရပ်လုံးကို အဲဒီတုန်းကလို ပျော်ရွှင်စေခဲ့ဘူးတဲ့ အဖြစ်အပျက်တွေ သိပ်များများ ရှိခဲ့မှာ မဟုတ်တာတော့ သေချာပါတယ်။ လွတ်လပ်ရေးရတုန်းက ဘယ်လောက် ပျော်ခဲ့ကြဘူးသလဲ ကျနော် မမီတော့ သေချာ မသိဘူးပေါ့။ ကျနော် သေသေချာချာ သိတာက ၁၃၅၀ ပြည့် လူထုအရေးတော်ပုံကြီးလို့ ဆိုရမယ့် ရှစ်လေးလုံး ကာလတုန်းက မြန်မာပြည်သူတွေ တကယ်ပျော်ခဲ့ဘူးတဲ့ အဖြစ်တွေပါ။

ပျော်ခဲ့ကြတဲ့ ရက်ကြီး ၃ ရက် ဆိုပါတော့။
ပထမ တရက်က ရှစ်လေးလုံးနေ့ကပါ။ မိုးလင်းထဲက တကယ်မှ ဖြစ်လာပါ့မလား၊ ဖြစ်လာရင်လည်း အပစ်အခတ်တွေနဲ့ သေကြရအုန်းမလား၊ တတိုင်း တပြည်လုံးမှ ပါပါ့မလား စသဖြင့် ပူပန်နေရာက၊ မနက်ခင်း တခုလုံး ငြိမ်သက်၊ နေ့ခင်း ထမင်းစားချိန်နီးမှ ဟိုတကွက် ဒီတကွက် ထဖြစ်ရကာနေ နေ့လည်ခင်းလည်း ကျော်ရော လမ်းမတွေပေါ် စစ်ကြောင်းကြီးတွေ အုန်းအုန်းကျတ်ကျတ် ဖြစ်လာတော့ အဲဒီတညလုံး ပျော်လိုက်ကြတာ။ ဘယ်သူမှ အိမ်ထဲမှာ မနေနိုင်ကြဘူး။ လမ်းတွေပေါ်မှာ တရုန်းရုန်း။ ခေတ်ကြီး ခုပဲ ပြောင်းသွားသလို ပျော်နေခဲ့ကြတာပါ။ ( အိမ်တံခါး အလုံပိတ်ပြီး စိုးရိမ် ကြောက်ရွံနေခဲ့တဲ့ သူတွေလည်း ရှိချင် ရှိခဲ့မှာပါ )

ဒုတိယ တရက်ကတော့ သမတကြီး ဦးစိန်လွင် နှုတ်ထွက်သွားပြီဆိုတဲ့ နေ့ကပါ။
၉ ရက်နေ့စလို့ ပစ်သံခတ်သံတွေ ဆူညံခဲ့။ သေကြ၊ ပျောက်ကြ၊ သောက ဒေါသတွေဖြစ်ကြရနဲ့။ လူငယ်ကျောင်းသားတွေလည်း မြေအောက် လျိုးသူလျိုး၊ နယ်မြို့တွေဘက် ဆင်းသူဆင်းနဲ့ အခြေအနေက တင်းမာ အေးစက်နေကြချိန်။ ဆေးရုံကြီး အရေးပေါ်ဌာနကို သပိတ်စခန်းလို အခြေပြုထားရချိန်မှာ ဆန်တပြည် ၂ ကျပ်ခွဲ စိန်လွင်ခေါင်းကိုခွဲ၊ စိန်လွင် ၆ တန်း တစောက်ကန်း စတဲ့ ကြွေးကျော်သံတွေနဲ့ မဆလ သက်တမ်းတလျောက် ပစ်ခဲ့ခတ်ခဲ့သမျှ ဒီကောင် ကြီးပဲလို့ အားလုံးက မေတ္တာထားကြနေကြတဲ့ ဦးစိန်လွင် နှုတ်ထွက်ကြောင်း ည ၈ နာရီ သတင်းမှာ ကြေငြာသံလည်း ကြားလိုက်ရော လူတွေ ကိုယ့်အိမ်ထဲကကိုယ် တပြိုင်တည်း ဟေးကနဲ ထအော်လိုက်ကြတာ တော်လည်းသံကြီး ကြားလိုက်ရသလိုပါပဲ။ ပျော်လိုက်ကြတာ။ ဒီမကောင်းဆိုးဝါးကြီး မရှိတော့ရင်တော့ အခြေအနေတွေ ပြန်ကောင်းလာတော့မယ်လို့လည်း မျှော်လင့်ခဲ့ကြတာကိုး။

ဒါပေမယ့် ထင်သလို ချက်ချင်းဖြစ်မလာပါဘူး။ လမ်းတွေပေါ်မှာ အတားအဆီးတွေ စစ်ကားတွေ စစ်သားတွေ ဆက်ရှိနေဆဲပါ။ လူတွေက လမ်းတွေပေါ်မှာ ဟိုလျောက်ဒီလျောက်ရင်း ခပ်လှမ်းလှမ်းကနေ မိုက်ကြည့်ကြည့်ကြ၊ မနှစ်မြို့ဟန် လုပ်ပြကြပေါ့။ ဒီကြားထဲ ဆေးရုံကြီးက ဒဏ်ရာရ လူနာတွေအတွက် အရေးပေါ် သွေးလိုလို့ သွေးလှုဖို့ ရောက်လာတဲ့ လူအုပ်ကို ဆေးရုံဝင်းအပြင် ကားလမ်းပေါ်ကနေ လှမ်းပစ်သွားလို့ တံခါးပေါက်နားမှာ ကျဆုံးသူတွေအတွက် လွမ်းသူပန်းခွေချစရာ နေရာလေးတခု ဖြစ်လာရပြန်တယ်။ လူတွေကလည်း ဟိုဘက်ကလှည့် ဒီဘက်ကလှည့် အားစမ်းနေချိန်၊ စစ်အုပ်ချုပ်ရေးကလည်း ပစ်ဖို့ ခတ်ဖို့ အဆင်သင့်ပုံနဲ့ပါ။ အဲလိုဖြစ်နေချိန်မှာ သြဂုတ် ၂၁ ထင်ပါတယ်။ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းကြောင်း ကြေငြာချက် နေ့ခင်းဘက်ကြီး ကြားလိုက် ကြရပါတယ်။ လူတွဟာ ရုတ်တရက်ပျော်ပြီး လမ်းပေါ်က စစ်သားတွေကို မုန့်တွေကြွေးကြ၊ ပန်းတွေပေးကြ၊ လက်ဆွဲကြနဲ့။ စစ်သားတွေလည်း အခုမှ အလုံးကြီးတခု ကျသွားသလို၊ လန့်နိုးသလို ဖြစ်ကြ။ အဲဒီမြင်ကွင်းကို အခုပြန်တွေးရင် အခုပြန်မြင်နေတုန်းပါပဲ။ အဲဒီနေ့က ရခဲ့တဲ့ စစ်တပ်နဲ့ပြည်သူကြား ချစ်ကြည်ရေး စိတ်ဓါတ်ဟာ အာဏာရှင်တွေရဲ့ ကျိန်စာကြောင့် ဒီနေ့ ဒီအခြေဆိုက်ခဲ့ကြရတာ မြန်မာ့သမိုင်းရဲ့ ကံဆိုးမှုလို့ ဆိုရပါတော့မယ်။

အခုတော့ ကျနော်တို့ပြည်သူတွေ မပျော်ခဲ့ကြရတာ အနှစ် ၂၀ ရှိပါပြီ။ အပေါ်က ပြောခဲ့သလို ပျော်ရမယ့် ရက်တရက်ကို ကျနော်တို့ နောက် ဘယ်နှစ်နှစ် စောင့်ကြရအုန်းမလဲ။ ကွန်ပြူတာပေါ်က မျက်နှာအသေတွေကို ကြည့်ရင်း မေးခွန်းထဲမှာ ကျနော် ပစ်လှဲချလိုက်မိပါတယ်။

Kommentarer

  1. အင်း--
    အိမ်ပြန်ချင်နေပါတယ်ဆိုမှဗျာ။

    SvarSlett
  2. အဲဒီ့တုန်းက ကြွေးကျော်သံ တစ်ချို့ လည်း ကျွန်တော်မှတ်မိသေးတယ်။ "ဆန်တစ်ပြည် ဆယ်ပြား၊ စိန်လွင်သေမှစား" တို့ "ဆန်တစ်ပြည် ၁၆ကျပ်၊ စိန်လွင့်ခေါင်းကို ဖြတ်" တို့ ။ လူတွေကို ရက်ရက်စက်စက် သတ်တော့ မေတ္တာရောင်ပြန်ဟပ် တာပေါ့ဗျာ။

    အင်း။ အနှစ် နှစ်ဆယ်တောင် ရှိသွားပြီ။ ပြီးခဲ့တဲ့ စက်တင်ဘာတုန်းကတော့ ခဏပျော်လိုက်ရသေးတာပေါ့ဗျာ။

    SvarSlett
  3. လူကြီးတွေက ကလေးတွေ အရမ်းပျော်ရွှင်နေရင် ပြောကြတယ်… ကလေးငိုချင် အူရွှင်တယ်တဲ့… ငိုရဖို့ အတွက် ကြိုမပျော်ချင်ဖူး… ထာဝစဉ်ပျော်ရွှင်ရခြင်းကိုပဲ တောင့်တမိတယ်… သေနေတဲ့ မျက်နှာလေးတွေဟာ စိတ်ဓါတ်အင်အားကျဆင်းခြင်းရဲ့ အဆုံးစွန်ကို ရောက်ရှိသွားခြင်းလို့  ကြားဖူးတယ်….

    SvarSlett

Legg inn en kommentar

Populære innlegg fra denne bloggen

စပါတာကပ် (ပထမပိုင်း)

နှစ်သစ်

မီးသွေး