လရောင်တွေကို ခိုးယူခံလိုက်ရတဲ့အခါ

ဆရာတင်မိုးကို တသရင်း တပြိုင်တည်း ဆက်လွမ်းမိတာက ဆရာတင်မိုးကို ချစ်လွန်းလို့ သူ့ကလောင်နာမည်မှာပါ မိုး ထည့်ထားတဲ့ သူငယ်ချင်းဖြစ်သူ တော်လှန်ရေးသမား ကဗျာဆရာ ကိုထက်မိုးကိုပါ။ ကျနော်တို့နှစ်ယောက် ဆုံမိရင် ကဗျာလောကမှာ မိုးကြီး သုံးမိုးရှိတယ်၊ တင်မိုး ထက်မိုး နှင်းခါးမိုး ပဲဆိုပြီး ခပ်တည်တည်နဲ့ ဆရာကြီးတင်မိုးနဲ့ ယှဉ်ပြီး မတန်မရာ နောက်ပြောင် ပြောကြလေ့ ရှိပါတယ်။ တကယ်က ဆရာနဲ့ ကျနော်တို့က လမင်းနဲ့ ကြယ်သိမ်ကြယ်မွှားတမျှ ကွာခြားပါတယ်။ ဒါပေမယ့် ယုံကြည်ချက်နဲ့ ဘ၀လက်တွေ့ တထပ်တည်း ကျအောင် နေခဲ့တဲ့ ကိုထက်မိုးကတော့ တောက်ပြောင်တဲ့ ကြယ်တစင်းအဖြစ် ထွန်းလင်းခဲ့သူလို့ ဆိုရမှာပါ။ သူမြတ်နိုးတဲ့ ဒေါင်းအလံနဲ့အုပ်ပြီး ၂၀၀၅ ခုနှစ်မှာ သူ့ကို နှုတ်ဆက်ခဲ့ကြရပေမယ့် တောင်တန်းတွေကို အတူရွှေ့ကြရအောင်လို့ သူခေါ်ခဲ့တဲ့ အသံကတော့ ကျနော်တို့တွေရင်ကို အခုထိ တုန်ခါစေဆဲပါ၊ ကျနော် တတိယနိုင်ငံမြေကို နင်းမိစ အချိန်မှာပဲ နောက်ကလိုက်လာတဲ့ သူဆုံးပြီဆိုတဲ့ သတင်းက ကျနော့်ရင်ဝကို လှံတချောင်းလို ထိုးစိုက်လိုက်ပါတယ်။ ဖွယ်ဖွယ်ရာရာ စကားလုံးတွေတောင် မရှာနိုင်ပဲ ကဗျာတပုဒ်နဲ့ ကျနော်ငိုမိခဲ့တယ်။

ရင်ဝစိုက်တဲ့ကောင်

ကာရန်ရှာတဲ့လက်ဟာ
သေနတ်မောင်းခလုတ်ကိုဖြုတ်တယ်။

ဘ၀ကိုအင်ဖက်မိုးပြီး
ကျည်အပြည့်ထိုးထားတဲ့နှလုံးသားဟာ
တောင်တန်းတွေကိုရွှေ့လို့မပြီးခင်
ကံကြမ္မာက နောက်ကျောဓါးနဲ့ထိုးတာ ခံလိုက်ရ။

သူချစ်တဲ့ငမိုးရိပ်ချောင်းကမ်းမှာ
ခုချိန်ဆို ခရာတွေပွင့်နေလောက်ရော့မယ်၊
ဘူးစင်အောက်ကလက်ဖက်ရည်ဆိုင်လေးမှာတော့
ကဗျာဆရာတယောက်က
ပျောက်သွားတဲ့သူငယ်ချင်းတွေကိုစောင့်လို့။

စာတအုပ်တည်းအတူဖတ်ခဲ့ကြပေမယ့်
မြစ်တမြစ်ဆီရေချိုးဆင်းခဲ့ကြတယ်။
ပုံပြင်ကလေးက ဤမျှသာ၊

စုကြည်မိုးရဲ့ကမ္ဘာမှာ
အခိုးခံရတဲ့လရောင်တွေပြန်ရွာချပေးဖို့ဆိုတာ
မိုင်ခြောက်ထောင်အကွာလောက်ကရေးပို့တဲ့ကဗျာတပုဒ်နဲ့
မလုံလောက်ဘူး
ဝန်ခံတယ်။ ။

နှင်းခါးမိုး
(စုကြည်မိုးဆိုတာ အဖေ့နား အမြဲကပ်နေတတ်တဲ့ သူ့ချစ်သမီးလေးပါ)

သူ့ကဗျာတွေကို ငုရင်ပြင်မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။
အောက်မှာ ဖေါ်ပြလိုက်တာကတော့ မိခင်ကို ဆုံးရှုံးရစဉ် ထောင်တွင်းမှာ ရေးခဲ့တဲ့ သူ့ရဲ့ ကဗျာတပုဒ်ပါ။
မျှဝေ ခံစားနိုင်ကြပါစေ။
သံဆူးကြိုးပေါ်က လရိပ်

၁။

၉၀ ဖေဖေါ်ဝါရီ ၂၂ ရဲ့
သင်္ချိုင်းမြေမှာ
မီးခိုးဖြူတွေလွင့်ပါး
တစတစမှုန်ဝါး
အမေ ထွက်ခွာသွားပြီ။

၂။
၅၂ နှစ်
အချစ်နဲ့ဒေါသတရား
တ၀မ်းတခါးနဲ့မာန
လမ်းဘေးဈေးသည်မရဲ့ဈာပန
ဘယ်သူမျက်ရည်ကျရဲပါသလဲ။

ပေးဝေရင်းနှီး တဲ့
သမီး-၃ သား-၃
လူတလုံး သူတလုံး
အမေရယ် အတွေးမှဆုံးသွားရှာရဲ့လား။

မနုသတ္တ ဒုလ္လဘ တဲ့
ရခဲလှသတဲ့ လူ့ဘဝ
ဗုဒ္ဓဒေသနာ
ဝါ၀င် ၀ါထွက်အိပ်မက်
အမေ တပ်မက်ရဲပါအုန်းမလား။

လူသားတယောက်ရဲ့ဘ၀ခရီး
ပြီးစလွယ်နိုင်လွန်းစွာ
သံသရာတောမီးမှာ
ထီးမပါ ဖိနပ်မပါ
ညောင်ပင်ကြီးလဲမပါ၊ ညောင်စေ့လဲမပါ
အားနာနာနဲ့ဆုတောင်း
အမေလည်း ကောင်းရာသုဂတိလားပါစေ။

၃။
အမေ့ဈာပန
သံတိုင်တွေကြားက ၅ည သား
အတွေးနဲ့ပို့သ
တဘ၀စာ
ဒါဏ်ရာရခဲ့သူ

ထက်မိုး
(၂၂ ဖေဖေါ်ဝါရီ ၁၉၉၂ ရက်နေ့တွင် ကွယ်လွန်သွားသော မိခင်အား ရည်စူး၍ ထောင်ထဲတွင် ရေးသားသော ကဗျာ)

Kommentarer

  1. ငုရင်ပြင်က ရင်ဝကို တကယ်စိုက်လိုက်တယ်။

    SvarSlett

Legg inn en kommentar

Populære innlegg fra denne bloggen

စပါတာကပ် (ပထမပိုင်း)

နှစ်သစ်

နှင်းဆီပွင့်ပေါ် ဆရာ အိပ်ပျော်အုန်းမှာမဟုတ်ဘူး