တောင်ကုန်းပေါ်က အိမ်ကလေး

( စာတမ်းငယ် )

၁။

အုတ်လှေကားလေးက ခပ်မတ်မတ် နှစ်ဆစ်ချိုးမို့ အတန်မြင့်သည်၊
မော်လန်ပရစ်လှေကားဟု နော်ဝေလိုရေးထားသည်ကို ကျနော်က
ဟာသကလေးစွက်ပြီး မော်လန်ပရစ်စောင်းတန်းလို့ မြန်မာမှုပြုလိုက်
သည်၊ အပေါ်မှာ ရွာဦးစေတီမရှိပေမယ့် ရင်ပြင်တော်ကလေးတခုတော့
ရှိသည်၊ လူ့အခွင့်ကအရေး ရင်ပြင်ငယ်လေးဖြစ်သည်၊ အလံတိုင်ထိပ်မှာ
ကုလသမဂ္ဂအလံက လွင့်ဝဲနေသည်၊ အလံတိုင်ခြေရင်းမှာ ဒူးဆစ်တုပ်
ထိုင်နေသည့်မိန်းမတယောက်။ မျက်နှာက ကြည်လင်အေးချမ်းစွာ၊
ဘီးစပတ်ကလေးနှင့်မို့ မျက်နှာပုံပမ်းမပီပြင်သော်လည်း ဒေါ်အောင်ဆန်း
စုကြည်ဟု ကျနော့်ရင်က သိနေသည်၊ အို လွတ်လပ်မှု၏ မိခင်။ ငြိမ်းချမ်းရေး.
အမေ၊ ကျနော်တို့ ဒီည ဒီနေရာလေးမှာ စုဝေးကြမယ်၊ ကမ္ဘာပေါ်က
လူသားအားလုံးရဲ့ ရပိုင်ခွင့်တွေ အတွက်။ မွေးရာပါ လူသားအခွင့်အရေး
တွေအတွက်။ အတိဒုက္ခ အမှောင်ထုထဲက ငြိမ်းချမ်းရေးမီးအိမ်အတွက်
ကျနော်တို့ အာရုံပြုကြမယ်၊ ဒီနေ့၊ အောက်တိုဘာ ၂၄ ရက်နေ့၊
ကမ္ဘာ့ကုလသမဂ္ဂနေ့၊
၂။
ရင်ပြင်နှင့်တဆက်တည်း လမ်းကြားလေးထဲချိုးဝင်လိုက်လျင်ပင်
ရင်းနှီးပြိးသားမျက်နှာတွေက ဆီးကြိုနေသည်၊ တမြေတည်း ကလာပြီး
တမြို့တည်းနေကြသူတွေ။ ဒုက္ခတူ။ ဘ၀တူတွေ၊ တခြားအချိန်တွေ
မှာဆို အခုလို အားလုံးဆုံဖို့ ခက်သည်၊ ဒီညတော့ ဒီမှာဆုံဖြစ်ကြပြီ၊
စကားတွေပြောကြမည်၊ ဘာတွေ အတူတူလုပ်ကြမလဲ ဆွေးနွေးကြမည်၊
သည့်အတွက်ပင် သည်နေရာမှာ အခန်းကလေးတခန်း ကျနော်တို့
အတွက် ရှိလာခြင်းဖြစ်သည်၊ ဒေါ်အောင်ဆန်းစုကြည်ရုံးခန်းဟု သူတို့က
နာမည်ပေးထားသည်၊ ကျနော်တို့က မြန်မာဆန်အောင် ခန့်ထည်အောင်
ဒေါ်အောင်ဆန်းစုကြည်ခန်းမဟု ခေါ်လိုက်သည်၊ သူတို့ဆိုတာက မြန်မာ့
ဒီမိုကရေစီရေးကို စိုက်လိုက်မတ်တတ်အားပေးထောက်ခံလာခဲ့ကြသည့်
နော်ဝေနိုင်ငံ ဘာဂမ်မြို့မှ ရဖ်တို လူ့အခွင့်အရေးအဖွဲ့ကို ဆိုလိုခြင်းဖြစ်သည်၊
သင်္ဘောဆေး နိုင်နိုင်သုတ်ထားသည့် အနီရောင်အုတ်ကြွပ်မိုး အဖြူရောင်
နှစ်ထပ်လုံးချင်း ဒီအိမ်ကလေးကို ဘာဂမ်တမြို့လုံးက ရဖ်တိုဟောက်စ်ဟု
သိထားကြသည်၊ ဘာဂမ်တက္ကသိုလ်နယ်မြေရှိ တောင်ကုန်းမြင့်လေးပေါ်မှာ
လူ့အခွင့်အရေး ယင်ပြင်ငယ်ကလေးနှင့်ယှဉ်လျက် ချစ်စရာ သည်အိမ်
ကလေးထဲမှာတော့ လူ့အခွင့်အရေးအဖွဲ့များစွာ၏ ရုံးခန်းများကို စုဝေး
ထားသည်၊
အခုတော့ မြန်မာနိုင်ငံက အဖိနှိပ်ခံပြည်သူတို့၏ အခွင့်အရေးအတွက်တဲ့။
ရုံးခန်းတခန်းတိုးလာခဲ့ပြီ၊

အခန်းထဲမှာ ဒေါင်းအလံရှိသည်၊ ဒေါ်စုဓါတ်ပုံရှိသည်၊ ခမောက်နှင့်
ပုသိမ်ထီးရှိသည်၊ လောကပါလနတ်ရုပ်တရုပ်လည်းရှိ သည်၊ ဒီမိုကရေစီရေး
လှုပ်ရှားမှုဓါတ်ပုံများကို နံရံပတ်လည်မှာ ကပ်ထားသည်၊ လူ့အခွင့်
အရေး ပိုစတာတွေလည်းရှိသည်၊ စင်ပေါ်မှာ မြန်မာ့အရေးဆိုင်ရာစာအုပ်များ
ခင်းကျင်းထားသည်၊ စီစဉ်သူတို့က အခန်းထဲဝင်လိုက်လျင် မြန်မာ့ရနံလည်း
ရ စေချင်သည်၊ မြန်မာ့အရေးလည်း နိုးကြားစေချင်သည်၊ သည်စေတနာကြောင့်
ပင် အခန်းကလေးက ကြက်သရေမင်္ဂလာဖြင့် တင့်တယ်နေသည်ဟု ခံစားရသည်၊
ကွန်ပြူတာခုံနှင့်ကပ်လျက် ရုံးစားပွဲတလုံးချထားသည်၊ စားပွဲမှာ
ဒေါ်အောင်ဆန်းစုကြည်က စာထိုင်ရေးနေသည်၊ အခန်းထဲဝင်လာသည့်
ကျနော်တို့ကို လှမ်းပြုံးပြသည်၊
၁၉၉၁ ခုနှစ်တွင် ရဖ်တိုဖောင်ဒေးရှင်းက ဒေါ်အောင်ဆန်းစုကြည်ကို
လူ့အခွင့်အရေးဆု ချီးမြှင့်သည်၊ ဒေါ်အောင်ဆန်းစုကြည်အတွက်
ပထမဆုံးရသည့် နိုင်ငံတကာဆုဟု ဆိုနိုင်သည်၊ အရှေ့ဥရောပနိုင်ငံများ၏
လူ့အခွင့်အရေးနှင့် လွတ်မြောက်ရေး လှုပ်ရှားမှုများအတွင်းတွင်
ကိုယ်တိုင်သွားရောက်ပါဝင်ခဲ့သူ ဘာဂမ်တက္ကသိုလ်မှ ပါမောက္ခရဖ်တိုကို
ဂုဏ်ပြုသောအားဖြင့် ၁၉၈၆ ခုနှစ်မှစတင်၍ လူ့အခွင့်အရေးကြိုးပမ်းမှု
ဆုကို နိုင်ငံတကာမှ လူ့အခွင့်အရေးအတွက် စွန်လွှတ်အနစ်နာခံ
ဆောင်ရွက်နေသူများအား နှစ်စဉ်နှစ်တိုင်း ရွေးချယ် ချီးမြှင့်ခဲ့သည်၊
ရဖ်တိုဆု ချီးမြှင့်ခံရသူများသည် တဆက်တည်းဆိုသလို ငြိမ်းချမ်းရေးနိုဘယ်
ဆု ချိးမြှင့်ခံကြရတတ်သည်၊ သို့အတွက်ပင် နိုင်ငံတကာမှာ သြဇာကြီးသော
ဆုတဆုဟု ဆိုနိုင်သည်၊ ထိုနှစ်မှာပင် ငြိမ်းချမ်း ရေးနိုဘယ်ဆုကို မြန်မာ
ပြည်သူတရပ်လုံးကိုယ်စား ဒေါ်အောင်ဆန်းစုကြည် ဆွတ်ခူးရရှိခဲ့သည်၊
အိမ်အကျယ်ချုပ်ဖြင့် တိုက်ပွဲ ၀င်နေချိန်မို့ နှစ်ဆုစလုံးကို လူကိုယ်တိုင်
သွားမယူနိုင်ရှာခဲ့ပေ၊

၃။
တဦးက ဖွင့်ပွဲစရအောင်ဟု ဆော်သြလိုက်ချိန်မှာ အောက်ထပ်ကခန်းမငယ်
လေးထဲ ဧည့်ပရိတ်သတ်တို့ စုဝေးမိကြသည်၊ အခမ်းအနားတို့ ထုံးစံအတိုင်း
တဦးပြီးတဦး စကားထပြောကြသည်၊ လက်ခုပ်တီးကြသည်၊ သည်အခန်းကလေး
ဖွင့်ရတဲ့ရည် ရွယ်ချက်။ မြန်မာ့ဒီမိုကရေစီရေး။ လက်ရှိမြန်မာ့နိုင်ငံရေးအခြေ
အနေ စသဖြင့်၊ ဓါတ်ပုံတွေ တဖြတ်ဖြတ်ရိုက်ကြသည်၊ ထူးထူးခြားခြားတခုက
တော့ ကမ္ဘာကျော်ခဲ့သည် နော်ဝေဂီတပညာရှင်ကြီးတို့၏ ဂီတကိုကိုးကားကာ
သူတို့၏ အမှန်တရားနှင့် လွတ်လပ်မှုအပေါ် ချစ်စိတ်။ လူသားမေတ္တာ
ဖေါ်ကျူးချက်တို့က လူ့အခွင့်အရေးအပေါ် သြဇာညောင်းခဲ့ပုံကို နော်ဝေ
ပါမောက္ခတဦးက ဖတ်ကြားတင်ပြသွားချက်ဖြစ်သည်၊ ဂီတနှင့် လူ့အခွင့်
အရေး တဲ့။ စိတ်ဝင်စားဖို့ကောင်းသည့်ခေါင်းစဉ်ပဲဟု တွေးမိသည်၊ သို့ပေမယ့်
နော်ဝေဘာသာဖြင့်ပြောသွားသဖြင့် အကုန်နားမလည်နိုင်ခဲ့၊ မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေအကြောင်းပြော တော့ နော်ဝေပရိသတ် ငြိမ်သွားသည်၊
အတော်ဆိုးပါလားဟု သူတို့စိတ်အတွင်းက ဆိုနေကြလိမ့်မည်၊
မြန်မာပရိသတ်အတွက်ကတော့ မထူးဆန်း။ ဒါသူတို့ဘ၀။ အခုခဏ ဝေးနေတယ်
ဆိုတောင်မှ ဒါသူတို့မေ့ထားလို့မရတဲ့ သူတို့ရဲ့တကယ့်ဘ၀။ ခံနိုင် ရည်နဲ့
ထုံအခဲ့ရတဲ့ ဘ၀ မဟုတ်လား၊ ကျနော့်လက်ခုပ်သံက အားပျော့နေသည်၊
လက်ဖက်ရည်ပါတီပွဲလေးကို အပေါ်ထပ် က ဧည့်ခန်းဆောင်မှာလုပ်သည်၊
ကိတ်မုန့်အကြီးကြီးတချပ်ကို အပိုင်းပိုင်းလှီးကာ စက္ကူပန်းကန်လေးတွေနှင့်
လိုက်ဝေသည်၊ အားလုံး စုမိရာ စုမိရာ စကားဝိုင်းဖွဲ့ဖြစ်ကြသည်၊ ခဏအကြာ
နှုတ်ဆက်ပြီး ပြန်သူကပြန်၊
၎။
၂၀၀၆ ခုနှစ် သည်နှစ်အတွက် ရဖ်တိုဆုကို ဗီယက်နမ်နိုင်ငံမှ ဘုန်းတော်ကြီး
သီကွမ်ဒိုကို ဂုဏ်ပြုပေးအပ်ခဲ့သည်၊ သက်တော် ၇၀ ကျော်ဘုန်းတော်ကြီးမှာ
ထောင်ထဲတွင် ၂၅ နှစ်နေခဲ့ရသည်၊ အခုလောလောဆယ် အိမ်အကျယ်ချုပ်ဖြင့်
အကျဉ်းစံနေရသည်၊ တောင်ဗီယက်နမ်အပေါ် မြောက်ဗီယက်နမ်တွေ အောင်ပွဲ
ခံပြီးချိန်မှစှု ဘာသာရေးလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့သူ၊
ယခုထိလည်း လွတ်လပ်စွာကိုးကွယ်ခွင့်နှင့် လူ့အခွင့်အရေးများအတွက်
ဆက်လက်တိုက်ပွဲဝင်နေသူ၊
ဆုပေးပွဲကို ရဖ်တို နှစ် ၂၀ ပြည့်အခမ်းအနားနှင့်အတူ ကျင်းပရန်ပြင်ဆင်
ထားသည်၊ ကမ္ဘာအရပ်ရပ်မှ ရဖ်တိုဆုရှင်များ လာရောက်ကြမည်၊ တောင်ကိုးရီး
ယားမှ သမတဟောင်း ကင်ဒေးဂျုံ။ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး။ အရှေ့
တီမောမှ ရာမိုစ်ဟော်တာ။ အီရန်မှ ရှီရင်းအီဗာ စသဖြင့်၊ သို့သော် ဆုရှင်
ဘုန်းတော်ကြီး သီကွမ်ဒိုကတော့ အိမ်အကျယ်ချုပ်ဘ၀မို့ လာရောက်နိုင်မည်
မဟုတ်၊ ထို့အတူ ရဖ်တ်ုဆုရှင်တဦးဖြစ်သည့် ကျနော်တို့ရဲ့ ဒေါ်အောင်ဆန်း
စုကြည်လည်း လာရောက်နိုင်မည်မဟုတ်၊ တတိယအကြိမ်မြောက် နေအိမ်အချုပ်
ဘ၀မှာ ဆက်လက်တိုက်ပွဲဝင်နေဆဲ၊
လွတ်မြောက်နေစဉ်ကာလ အင်တာဗျုးတခုမှာ ဒေါ်အောင်ဆန်းစုကြည်က
ပြောခဲ့ဘူးသည်၊ မြန်မာပြည်လွတ်မြောက်ချိန်မှာ ပြည်ပခရီးသွားဖို့
ကြုံလာရင် ကျမ ပထမဆုံးသွားချင်တာ နော်ဝေနိုင်ငံကိုပါပဲ တဲ့၊ မြန်မာ့
ဒီမိုကရေစီရေးအပေါ် နော်ဝေနိုင်ငံ၏ ထောက်ခံကူညီမှုကို ကျေးဇူးစကားဆိုခြင်း
ဟု နားလည်လိုက်သည်၊ သည်စကားတခွန်းကိုပင် နော်ဝေနိုင်ငံသားတွေက
လည်း အထူးကျေနပ်သည်၊ ရဖ်တိုဟောက်စကတော့ မလာရောက်နိုင်သေးသည့်
သူတို့၏ဆုရှင်အတွက် ရုံးခန်းတခန်းဖွင့်ကာ ကြိုဆိုနေလေပြီ၊
ရုံးခန်းအတက် သစ်သားလှေကားထစ်တွေပေါ်မှာ ပိန်းတန်းဖိနပ်ပါးကလေး
တဖျပ်ဖျပ်ဖြင့်ဒေါ်အောင်ဆန်းစု ကြည် ရယ်ရယ်မောမောတက်လာချိန်မှာ
တော့ တောင် ၇ လုံးဝန်းရံကာ အတ္တလန်တိတ်အရှေ့ဘက်ကမ်းခြေပေါ်
မေးတင်ထားသည့်ဘာဂမ်မြို့ကလေးမှာ နှင်းပွင့်စပ်စပ်ပေါ် နေရောင်ဝင်းပ
နေလိမ့်မည်ဟု ကျနော်ယုံကြည်မိသည်၊ ထိုအချိန် တောင်ကုန်းထိပ်က
အိမ်ကလေးမှာ စန္ဒရားသံကြောင့် နွဲ့နွဲ့ကလေးလှုပ်ခါလျက်၊
တီးသူဝေးခဲ့တဲ့ကာလတလျောက်
သိမ်းဆည်းထားခဲ့ရသည့် တေးသွားတွေနဲ့လေ၊

Kommentarer

Populære innlegg fra denne bloggen

စပါတာကပ် (ပထမပိုင်း)

နှစ်သစ်

နှင်းဆီပွင့်ပေါ် ဆရာ အိပ်ပျော်အုန်းမှာမဟုတ်ဘူး