အ၀ါရောင်ပင်လယ်


ဟိုမှာ ငုပန်းတွေ ဟု သူပြောမိသည်။ တကယ်တော့ ငုပန်းတွေမဟုတ်။ အရွက်စိမ်းကလေးတွေကြား အပွင့်ဝါနုစိပ်လေးတွေ အဆိုင်းလိုက်ကျနေပုံကတော့ တကယ့်ငုပန်းကလေးတွေပင်။ အပွင့်ဆိုင်းဝါ၀ါတို့ ပင်လုံးပြည့်ပွင့်ဝေကာ အကိုင်းအခက်တို့ ညွုတ်တွဲကျဟန်ကအစ ငုပင်ငုအလှဟု ယုံမှတ်မှားရသည်။ တကယ်တော့ ငု မဟုတ်ပါ။
ငုပင်တွေက သိပ်မြင့်မားသည်မဟုတ်။ ငုပွင့်အဆုပ်အဆိုင်းတို့ကလည်း လက်တကမ်းမှာပဲမို့ ဆွတ်ချင်ခူးချင်စိတ်ကို တားရခက်သည်။ နွေနေရောင်စူးစူးအောက် ငုအ၀ါက ပျော်ကျနေသည်။ ပန်မလားဟင် ဟု မေးရင်း သူက ငုအခက်ငုအကိုင်းတို့ကို လှမ်းခုန်ခူးပေးခဲ့ဘူးသည်။ သည်တုန်းက ကောင်ကလေးရဲ့မသည် ငုပွင့်တွေတခေါင်းလုံးဝေကာ ချစ်ရည်ရွှန်းလဲ့နေခဲ့သည်။ ကန်တော်ကြီးရေပြင်ကိုဖြတ်တိုက်လာသည့်လေက ကောင်ကလေးနှင့်သူ့မတို့၏ တဒင်္ဂကလေးကို ဆွတ်မြစေခဲ့ဘူးပါသည်။

ငုသည်အ၀ါ၊ ပိတောက်သည်အ၀ါ။ ရွှေကလည်း အ၀ါတမျိုးပင်။ မြန်မာ့မြေသည် အ၀ါနှင့်ထုံခဲ့သည်။ မြန်မာကောင်ကလေးသည် အ၀ါတွေကြား ကြီးပြင်းခဲ့သူ။ ကောင်ကလေးရဲ့မ အသားအရည်ကလည်း ၀ါဝင်းနေသည်။ ကောင်ကလေးငယ်စဉ်က ကြည်ပြာရောင်ကလေးနဲ့ ရွှေဝါနွယ်ကလေးနဲ့ နှောတဲ့အခါ မြစိမ်း စိမ်းတော့တယ်ဆိုတဲ့သီချင်းကို အမြဲလိုညည်းနေခဲ့ဘူးသည်။ သို့ပေမယ့် ကောင်ကလေးရဲ့မကတော့ စိမ်းမသွားပါ။

အ၀ါမထုံသောမြေမှာ သူသည် အရင်ကကောင်ကလေးအကြောင်းကိုတွေးနေမိသည်။ ကောင်ကလေးက အပြင်ကကြည့်လျင် လူအေးကလေးဟုထင်ရသည်။ သို့သော် သူ့ရင်ထဲမှာ အပူတခုခု အမြဲတမ်းရှိနေတတ်သည်။ လူပုံကနွဲ့ဟန်ပေါက်သည်။ သို့သော် ပေကပ်ကပ်နှင့် ခေါင်းမာကလေးဖြစ်သည်။
ကောင်ကလေးမှာ အတွေးသမားကလေးတဦးလည်းဖြစ်သည်။ သို့သော် သူလုပ်ချင်ရာတခုခုကို စွတ်ရွတ်လုပ်သည့်အခါမှာမူ ဘာမှမတွေးတော့။ ကောင်ကလေးသည် စာအုပ်နှင့်တွေ့သည့်အခါ ငြိမ်ကျသွားသည်။ သူ့အတွေးတချို့သည်လည်း စာလုံးကလေးများဖြစ်လာသည်။ နောက်တော့ ကောင်လေးရဲ့မနှင့် တွေ့သည်။ ကောင်လေးသည် သူ့၏မထံ စာလုံးပေါင်းများစွာပေးပို့ခဲ့သည်။ ကောင်လေးရဲ့မသည် စာလုံးတွေကို သိပ်မသိပါ။ သို့သော် ကောင်လေးရဲ့အချစ်မီးပုံထဲ ခုန်ဆင်းဖို့တော့ နောက်မတွန့်ခဲ့ပေ။

ပန်မလားဟင် လို့တော့ မမေးဖြစ်ခဲ့ပါ။ ငုပင်ကလေးအမှတ်ဖြင့်ပင် ပန်းခက်အဆုပ်အဆိုင်းတွေအောက်မှာ အတန်ကြာ သူရပ်နေရင်း သူအမောကလေးတက်လာခဲ့ရသည် ကုန်းဆင်းလမ်းလေးကို အပေါ်က စီးကြည့်နေမိသည်။ လမ်းကလေးအတိုင်း တဖြည်းဖြည်းတက်လာသည့် တခါက အ၀ါရောင်။ တခါက ငုပန်းဝေေ၀။ သည်အ၀ါက ငြိမ်သက်အေးဆေးသော အ၀ါ။ အပင်ပေါ်က အပွင့်ဝါ၀ါတွေကို ငေးရီနေပုံက ကောင်လေးရဲ့မဆိုတာ သေချာသွားစေသည်။ ဖြတ်တိုးသွားသည့်လေက အေးနေသည်။ ပင်လယ်ဘက်က တိုက်ခတ်လာတာဖြစ်သည်။ ပင်လယ်သည်ပင် အ၀ါလော။
ခဏမှာပင် အ၀ါရောင်ပင်လယ်ရှိရာ သူပြေးထွက်ချင်မိသည်။
သတိရခြင်းသည် အ၀ါ။ လွမ်းဆွတ်ခြင်းသည် အ၀ါ။ လွတ်လပ်ခြင်းသည် အ၀ါ။ တွေးတောခြင်းသည် အ၀ါ။ ရင်ခုန်ခံစားခြင်းသည် အ၀ါ။ အချိန်ကာလများသည် အ၀ါ။
ကောင်လေးရဲ့မသည် ငုပန်းတွေကို ပွင့်စေခဲ့သူမဟုတ်လော။ ။

Kommentarer

  1. ပို့စ်အဟောင်းတွေကို ပြန်ဖတ်တော့ အ၀ါရောင်လေးက ဟောင်းမသွားဘူး။ ဒီ အက်ဆေးလေးက ကျနော်အကြိုက်ဆုံး ပို့စ်ထဲမှာ ပါတယ်။ ဒါမျိုးလေး ရေးပါဦးဗျာ။

    SvarSlett

Legg inn en kommentar

Populære innlegg fra denne bloggen

စပါတာကပ် (ပထမပိုင်း)

နှစ်သစ်

နှင်းဆီပွင့်ပေါ် ဆရာ အိပ်ပျော်အုန်းမှာမဟုတ်ဘူး